၈.၃.၂၀၂၃
Translated by Htwe Ko Tun
ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ်ဟုဆိုရမည့် တောင်အာဖရိကနိုင်ငံမှ အသက် ၁၂၈ နှစ်ရှိ အမျိုးသမီးကြီးမှာ မတ်လ ၃ ရက်က တောင်အာဖရိကနိုင်ငံ၊ အနောက်မြောက်ပြည်နယ် ဂျိုဘာတန်မြို့ရှိ နေအိမ်တွင် ကွယ်လွန်သွားခဲ့ကြောင်း သတင်းများအရ သိရသည်။
ဂျိုဟန်နာမာဇီဘူကို အမည်ရှိ အဆိုပါအမျိုးသမီးကြီးကို ၁၈၉၄ ခုနှစ်၊ မေလ ၁၁ ရက်တွင်ဖွားမြင်ခဲ့ပြီး ရာစုနှစ် သုံးခုကို ဖြတ်သန်းအသက်ရှင်ခဲ့သူဖြစ်ကာ လာမည့်မေလတွင် ၎င်းက ၁၂၉ နှစ် ပြည့်မြောက်မည်ဖြစ်သည်။ ဂျိုဟန်နာက ပြောင်းစိုက်ခင်းတစ်ခု၌ ကြီးပြင်းလာခဲ့ရသူဖြစ်ပြီး ကျောင်းလည်းမနေခဲ့ရသဖြင့် စာရေးတတ် ဖတ်တတ်ခြင်းလည်းမရှိပေ။
၎င်းအား ပြုစုစောင့်ရှောက်လျက်ရှိသော ချွေးမဖြစ်သူ သန်ဒီဝီ ဓီဆင်ယာနာ၏ ပြောကြားချက်အရ ဂျိုဟန်နာမှာလေဖြတ်သေဆုံးရခြင်းဖြစ်နိုင်ကြောင်း သိရသည်။ ၎င်း၏ ၁၂၈ နှစ်မြောက်မွေးနေ့တွင် ဂျိုဟန်နာက “ကျွန်မ ဒီနေရာမှာဒီလောက်အထိ နှစ်တွေအများကြီးအသက်ရှင်နေရတာ အံ့သြမိတယ်။ ကျွန်မနားက တစ်ယောက်ပြီးတစ်ယောက် သေကုန်ကြပြီ။ ကျွန်မက အသက်ရှင်နေသေးတယ်။ ကျွန်မဘယ်တော့ သေမှာလဲ။ အသက်ရှင်နေရခြင်းရဲ့ အကျိုးထိရောက်မှုက ဘာလို့ ဆိုရမလဲ။ ကျွန်မ ဘာမှမလုပ်နိုင်ဘဲ ထိုင်ပဲနေရတော့ ကျွန်မအတွက် ကျန်တဲ့သူတွေပင်ပန်းလှပြီ” ဟု ပြောခဲ့သည်။
ဂျိုဟန်နာ မာဇီဘူကိုသည် မွေးချင်း ၁၂ ဦးရှိပြီး ၎င်းထက်အငယ် မွေးချင်းသုံးဦးမှာလည်း အသက်ရှင်လျက်ရှိသေးကြောင်း သိရသည်။ ၎င်းက မုဆိုးဖိုတစ်ဦးဖြစ်သည့် စတာဝါနာ မာဇီဘူကိုနှင့် လက်ထပ်ခဲ့ကာ လက်ထပ်သည့်နေ့ရက်ကိုမူ မမှတ်မိတော့ဟု ဆိုသည်။ သားသမီးခုနှစ်ဦးရခဲ့ကြပြီး နှစ်ဦးမှာ အသက်ရှင်လျက်ရှိသေးကြောင်းလည်း သိရသည်။ မြေးနှင့်မြစ် ၅၀ ကျော်ရှိပြီး ၎င်း၏ဈာပနအခမ်းအနားကို ဂျိုဘာတန်မြို့၌ မတ်လ ၁၁ ရက်တွင် ကျင်းပမည်ဖြစ်သည်။
Ref—-Daily Mail