၈. ၃. ၂၀၂၃
Written by Ye Kyaw
စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၂၈၀ ရှိ အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းတစ်ခုလုံး၏ ၅၃ ရာခိုင်နှုန်းကျော် တည် ဆောက်ပြီးစီးနေပြီဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ မတ်လတွင် စတင်စမ်းသပ် ဓာတ်အားထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းအား ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့၏ တောင်ဘက်မိုင် ၂၀ ခန့်အကွာ ဒုဌဝတီမြစ် (မြစ်ငယ်မြစ်)ပေါ်တွင် တည်ဆောက်နေမှုများကို မတ်လ ၇ ရက်တွင် သွားရောက်စစ်ဆေးစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကွန်ကရစ်သွန်းလောင်းခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာတွင် စတင်ဆောင်ရွက်နိုင်ရေး ကြိုတင်ဆောင်ရွက်ရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေးနဲ့ ၂၀၂၅ ခုနှစ် မတ်လတွင် စတင်စမ်းသပ် ဓာတ်အားထုတ်လုပ်နိုင်ရေး အလေးအနက်ထား ကြိုးပမ်းဆောင်ရွက်သွားရမယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြောကြားသည်။
အဆိုပါ အထက်ရဲရွာစီမံကိန်းသည် ဒုဌဝတီမြစ် (မြစ်ငယ်မြစ်) ပေါ်တွင် ရေလှောင်တမံတည်ဆောက်ပြီး မဂ္ဂါဝပ် ၇၀ ရှိ ဒေါင်လိုက်ဖရန်စစ်တာဘိုင်အမျိုးအစား ဓာတ်အားပေးစက် လေးလုံးဖြင့် စုစုပေါင်းစက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၂၈၀ ရှိ ဓာတ်အားပေးစက်ရုံ တည်ဆောက်၍ နှစ်စဥ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၁၄၀၉ သန်း ထုတ်လုပ်ပြီး နိုင်ငံတော်ဓာတ်အား ကွန်ရက်စနစ်မှတစ်ဆင့် မြန်မာတစ်နိုင်ငံလုံးသို့ လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးနိုင်မည်ဖြစ်သည်။
စီမံကိန်းတည်ဆောက်မည့် ပင်မတမံအမျိူးအစားမှာ RCC ကွန်ကရစ်တမံဖြစ်ပြီး မြန်မာနိုင်ငံတွင် တတိယမြောက် တည်ဆောက်မည့် RCC ကွန်ကရစ်တမံဖြစ်ကာ လက်ရှိအချိန်တွင် စီမံကိန်းတစ်ခုလုံး၏ ၅၃ ဒသမ ၂၂ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ပင်မတမံသည် Roller Compacted Concrete (RCC) အမျိုးအစားဖြစ်ပြီး အလျား ၈၈၃ ပေ၊ အမြင့် ၃၃၅ ပေရှိကာ RCC ကွန်ကရစ်ကျင်းပေါင်း ၁၈၀,၀၀၀ ကျော်ခန့် သွန်းလောင်းရမည်ဖြစ်သည်။
အဆိုပါစီမံကိန်း၏ အလျား ၁၉၀ ပေ၊ အနံ ၁၂၆ ပေ၊ အမြင့် ၁၃၄ ပေရှိ ရေယူအဆောက်အအုံ ကွန်ကရစ်သွင်းလောင်းနေမှုနှင့် စုစုပေါင်း အလျား ၃၂၈၈ ပေနှင့် အချင်း ၄၁ ပေရှိ ရေသွယ်ဥမင်လိုဏ်နှစ်လုံးတို့၏ လိုင်နင်ကွန်ကရစ် သွန်းလောင်းပြီးစီးမှုအခြေအနေများကို ပြည်ထောင်စုဝန်ကြီးက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။