၈. ၃. ၂၀၂၃
Written by Min Mahar
ယမန်နေ့ညဦးပိုင်းက မြင်းခြံမြို့နယ်၊ စံပြကျေးရွာတွင်နေထိုင်သော အမျိုးသားတစ်ဦးသည် နေအိမ်ခြံဝန်းအတွင်း၌ မော်တာဖြင့် ရေတင်နေစဉ် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ မတ်လ ၇ ရက် ည ၇ နာရီခန့်က မန္တတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ စံပြကျေးရွာတွင် နေထိုင်သော အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦးသည် နေအိမ်ခြံဝန်းအတွင်း၌ မော်တာဖြင့် ရေတင်နေစဉ် အမည်မသိအမျိုးသား ၂ ဦးက ဆိုင်ကယ်တစ်စီးဖြင့် နေအိမ်ခြံဝန်းအတွင်းသို့ ရောက်ရှိလာပြီး သေနတ်ဖြင့် ၃ ချက် ပစ်သတ်ခံရကြောင်း သိရသည်။
“ဘာကြောင့်သတ်သွားလဲ။ ဘယ်သူတွေက သတ်တာလည်းတော့မသိပါဘူး။ သူကနိုင်ငံရေးလည်းမလုပ်ဘဲ ကားမောင်းလုပ်ကိုင်စားသောက်နေသူတစ်ဦးပါ” ဟု ရွာခံတစ်ဦးက MT News သို့ ပြောသည်။
ယင်းကဲ့သို့ သေနတ်ဖြင့်ပစ်သတ်ခံရမှုကြောင့် ၎င်းအမျိုးသားသည် ဦးခေါင်းငယ်ထိပ် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာဘက်လည်ပင်း ဖောက်ဝင်သွားသည့်ဒဏ်ရာ ၁ ချက်၊ ယာဘက်နံဘေး ဖောက်ဝင်သွားသည့်ဒဏ်ရာ ၁ ချက်တို့ရရှိခဲ့ပြီ အခင်းဖြစ်ရာနေရာတွင် သေဆုံးသွားခဲ့သဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် မြင်းခြံခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ဖြစ်ပွားသည့်နေရာအနီးမှ Thai Army ကျည်ခွံ ၂ ခွံကို သက်ဆိုင်ရာအဖွဲ့များမှ တွေ့ရှိကာ သိမ်းဆည်းသွားပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။