၈.၃.၂၀၂၃.
translated by Htwe Ko Tun
ဖခင်ဖြစ်သူအား ခေါင်းဖြတ်သတ်ခဲ့ကာ ခန္ဓာကိုယ်ကိုလည်း ခြောက်ပိုင်းပိုင်းသည့်အထိ ရက်စက်ခဲ့သော မလေးရှားနိုင်ငံသားတစ်ဦးက ၎င်းအားသေဒဏ်စီရင်မှုကို ပယ်ဖျက်ပေးပါရန် အယူခံဝင်ခြင်းအား အဖွဲ့ဝင်သုံးဦးပါသော အယူခံတရားရုံးက မတ်လ ၆ ရက်တွင် ပယ်ချခဲ့ကြောင်း သိရသည်။
အသက် ၅၇ နှစ်ရှိပြီဖြစ်သော တရားခံဖိုခွန်ဆိုသူက ၎င်းမှာစိတ်မူမမှန်ကြောင်း တရားရုံးတွင်ပြောကြားခဲ့ပြီး သေဒဏ် စီရင်ချက်အား အယူခံဝင်ခဲ့ခြင်းဖြစ်သည်။ သို့သော် အယူခံခုံရုံး ဥက္ကဋ္ဌ တရားသူကြီး ကာမာလူဒင်က အဆိုပါဖြစ်ရပ်ဖြစ်ပွားခဲ့ချိန်တွင် အယူခံဝင်သူ၏ စိတ်ကျန်းမာရေး မူမှန်မဟုတ်ဟူသော အကြောင်းပြချက်ဖြင့် ပြစ်ဒဏ်အားပယ်ဖျက်ပေးရန် အယူခံဝင်မှု အထောက်အထားအား လက်မခံနိုင်ကြောင်း ပြောခဲ့သည်။
တရားခံက အသက် ၇၄ နှစ်အရွယ် ဖခင်ဖြစ်သူ မစ္စတာ ယူဆူကင်အား မလေးရှားနိုင်ငံ၊ ပီရက်ပြည်နယ်၏မြို့တော် အိုင်ပိုးတွင် နေအိမ်တစ်ခုအတွင်း ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၈ ရက်နှင့် ၉ ရက်အကြား သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ဖြစ်ရပ်တွင် အိမ်နီးနားချင်းများက လူသတ်မှုမဖြစ်မီည၌ ၎င်းတို့သားအဖ အိမ်အတွင်းငြင်းခုံရန်ဖြစ်ကြသည်ကို ကြားရကြောင်း၊ တရားခံမှာ မူးယစ်ဆေးဝါးများသုံးစွဲထားသည်ဟု ယုံကြည်ရကြောင်း ပြောခဲ့ကြသည်။
ရဲတပ်ဖွဲ့ကလည်း တရားခံသည် ဖခင်အား ခေါင်းဖြတ်သတ်၍ ခန္ဓာကိုယ်ကို ခြောက်ပိုင်းပိုင်းခဲ့ချိန်၌ မူးယစ်ဆေးဝါးအလွန် အကျွံသုံးစွဲမှု၏ သက်ရောက်မှုအောက်တွင် ရောက်ရှိနေသည်ဟု ယုံကြည်ရကြောင်း ပြောခဲ့သည်။ မစ္စတာ ယူဆူကင်၏ ညီမဖြစ်သူက အိမ်အတွင်း ယူဆူကင်၏ မွေ့ရာ၊ ခေါင်းအုံးနှင့် နံရံတို့တွင် သွေးစက်များတွေ့ရှိရာမှ ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့က အသတ်ခံရသူ ယူဆူကင်၏ ခန္ဓာကိုယ်အပိုင်းအစများကို အိမ်နောက်ဘက်ရှိ ၁ ဒသမ ၅ မီတာခန့်နက်သော မိလ္လာကန်အတွင်းမှ ပြန်လည်တွေ့ရှိခဲ့သည်။ လူသတ်မှုဖြစ်ပွားသည့်နေရာမှ တောခုတ်ဓါးအရှည်တစ်လက်ကိုလည်း ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့သည်။
တရားခံဖိုခွန်ကို အိုင်ပိုးမြို့ အထက်တရားရုံးက ၂၀၂၂ ခုနှစ် မေလ ၂၄ ရက်တွင် ဖခင်ဖြစ်သူအားသတ်ဖြတ်ခဲ့မှုဖြင့် ကြိုးပေးသေဒဏ်စီရင်ရန် အမိန့်ချခဲ့ခြင်းဖြစ်သည်။ တရားခံအနေဖြင့် နောက်ဆုံးအခွင့်အရေးအနေဖြင့် ပြည်ထောင်စုအယူခံရုံးသို့ နောက်ဆုံးအယူခံဝင်နိုင်သေးကြောင်း သိရသည်။
Ref—–The Straits Times