၈. ၃. ၂၀၂၃
Written by Nyein Kyaw
မတ်လ ၅ ရက်က ဧရာဝတီတံတား (ရတနာပုံ) စစ်ကိုင်းဘက်ခြမ်းမှ ဧရာဝတီမြစ်ထဲ ခုန်ချသွားသည့် ရဟန်းတစ်ပါး၏ ရုပ်ကလာပ်အား လေးရက်မြောက်နေ့ဖြစ်သည့် မတ်လ ၈ ရက်တွင် ရတနာပုံတံတားနှင့် ရေမိုင်ငါးမိုင်အကွာတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ မတ်လ ၅ ရက်က ဧရာဝတီတံတား (ရတနာပုံ) စစ်ကိုင်းဘက်ခြမ်းမှ ရဟန်းတစ်ပါး ဧရာဝတီမြစ်ထဲ ခုန်ချသွားခဲ့၍ သက်ဆိုင်တာဝန်ရှိသူများနှင့် ကယ်ဆယ်ရေးအသင်းအဖွဲ့များမှ ရှာဖွေမှုများဆောင်ရွက်ခဲ့ရာ လေးရက်မြောက်နေ့ဖြစ်သည့် မတ်လ ၈ ရက် နံနက် ၈ နာရီခွဲခန့်တွင် ခုန်ချသွားသည့် ဆရာတော်အား ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
“တံတားပေါ်ကခုန်ချတယ်လို့ ပြောတော့ သက်ဆိုင်ရာနဲ့ညှိပြီးတော့ တကယ်ခုန်ချတယ်ဆိုတော့ ကျွန်တော်တို့ ရှာတယ်ဗျ။ ဖြစ်တဲ့နေ့ရှာတယ်။ နောက်နေ့ရှာတယ်။ မနေ့ကရှာတယ်။ ဒီနေ့မနက်မှာ အသင်းအဖွဲ့ SERT ကနေ ရှာတဲ့အချိန်မှာ သောင်ပြင်မှာကပ်နေတာ။ ရေလယ်သောင်ပြင်မှာ ရတနာပုံတံတားနဲ့ ရေမိုင်ငါးမိုင်အကွာမှာ သင်္ကန်းစတွေ့လို့ အဲဒီကနေ Body ကို ကုန်းပေါ်တင်ပြီးတော့ စစ်ကိုင်းဆေးရုံကို သုခကာရီအသင်းက သွားပို့ပေးတယ်။ ကျွန်တော်တို့က စက်လှေနဲ့သယ်လာပေးပြီးတော့ အဲဒီကနေတစ်ဆင့် သူတို့က ကားနဲ့သယ်သွားတာ” ဟု အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း)မှ တာဝန်ရှိသူက MT News သို့ ပြောသည်။
ဓာတ်ပုံ – SERT အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့