၈.၃.၂၀၂၃
Written by Peya
အာဆီယံလူငယ်ဆိုင်ရာဝန်ကြီးများအဆင့်ဆွေးနွေးပွဲနှင့် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ်ဆောင်ရွက်ရန် စီစဉ်နေကြောင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် နီးစပ်သူတစ်ဦးက MT News သို့ ပြောသည်။
လက်ရှိတွင် အဆိုပါဝန်ကြီးဌာနအနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ကဏ္ဍအလိုက်နွေရာသီသင်တန်းများ ဖွင့်လှစ်သွားရန် စီစဉ်နေပြီး မသန်စွမ်းလူငယ်များအတွက်လည်း ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများ၌ အသက်မွေးဝမ်းကျောင်းသင်တန်းများဖွင့်လှစ်ခြင်းနှင့် အားကစားသင်တန်းများအပါအဝင် ကဏ္ဍအလိုက်လူငယ်ဘက်စုံဖွံ့ဖြိုးရေး သင်တန်းများဖွင့်လှစ်သွားရန် အစီအစဉ် ရှိနေကြောင်း သိရသည်။
“လွန်ခဲ့တဲ့ သုံးနှစ်လောက်ကဆိုရင် အားကစားဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးရဲ့ အလှည့်ကျ အိမ်ရှင်နိုင်ငံအနေနဲ့ အစည်းအဝေး ဆောင်ရွက်ခဲ့ပြီးပါပြီ။ အခုကျွန်တော်တို့က အိမ်ရှင်အနေနဲ့ လုပ်ပေးဖို့အတွက်ကို မလေးရှားဆီကနေ လွှဲပြီးတော့ ယူရမှာပါ။ အခုလာမယ့် ဟိုဘက်က အစည်းအဝေးမှာ အဲ့ဒီကိစ္စတွေကို နှစ်ဖက်ဆွေးနွေးဖြစ်ပါမယ်။ ဒီလို တာဝန်ယူ ဆောင်ရွက်စဉ်ကာလမှာ ကိုယ့်နိုင်ငံက အားသန်တဲ့အချက်တွေကို ထဲထဲဝင်ဝင် ပိုပြီးတော့ ပြည့်ပြည့်စုံစုံ ပုံဖော်လို့ ရတာပေါ့” ဟု ၎င်းက ဆိုသည်။
ထိုသို့ လာမည့် အစည်းအဝေးကာလမှသာ မြန်မာနိုင်ငံတွင်အိမ်ရှင်အဖြစ် အစည်းအဝေး လက်ခံကျင်းပနိုင်ရေးအတွက် ဆက်လက်ဆွေးနွေးမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်ရက်ကို မသိရသေးကြောင်းလည်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် လူငယ်ဖွံ့ဖြိုးရေးဆိုင်ရာကဏ္ဍ (၁၆) ရပ်ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာနများ၊ ပြည်နယ်/တိုင်းဒေသကြီးများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီကို ဖွဲ့စည်းထားကာ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကိစ္စရပ်များနှင့်ပတ်သက်၍ အမျိုးသားအဆင့်မဟာဗျူဟာ စီမံချက်များနှင့်အညီ ရေတို/ရေရှည်စီမံကိန်းများရေးဆွဲ၍ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ထိ လုပ်ငန်း လမ်းညွှန်ချက်များချမှတ်ကာ ပူးပေါင်းဆောင်ရွက်နေသည်။