၈.၃.၂၀၂၃
Written by Peya
“ဝ” အထူးဒေသအပါအဝင် မြန်မာ-တရုတ်နယ်စပ်တွင် Wechat အစား ၎င်းနှင့် ဆင်တူသော “မြန်ပေ့”နှင့် “ခန်ရွင်း”ဆိုသော လူမှုကွန်ရက် အပလီကေးရှင်းနှစ်ခု အသုံးများလာသည်ကိုတွေ့ရကြောင်းနှင့် အဆိုပါ အပလီကေးရှင်းနှစ်ခု၏ နောက် ကြောင်းကို မသိရသေးကြောင်း UWSA မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့် ဦးညီရန်းက MT News သို့ ပြောသည်။
Wechat ပေါ်လစီက တင်းကျပ်မူကြောင့် Wechat အကောင့်များ မကြာခဏ အပိတ်ခံရခြင်း၊ အကောင့်ပျက်ခြင်းများ ဖြစ်နေသည့်အချိန်တွင် အထက်ပါ လူမှုကွန်ရက် အပလီကေးရှင်းများ ပေါ်လာခြင်းဖြစ်ကာ အဆိုပါ အပလီကေးရှင်းများ၏ နောက်ကြောင်းကို သိရခြင်းမရှိသေးဘဲ ထူးခြားချက်မှာ Wechat ကဲ့သို့ပင် အဆိုပါ ပလီကေးရှင်းနှစ်ခု အသုံးပြုပြီး ငွေသွင်း၊ ငွေထုတ်ခြင်း အပါအဝင် ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှုကို လုပ်နိုင်ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
“လုံခြုံရေးကိစ္စကတော့ နည်းပညာပိုင်းလည်း သိပ်မသိတော့ လုံးဝအာမခံတယ်ဆိုတာကတော့ ကျွန်တော်လည်း မပြောတတ်ဘူး။ အတတ်နိုင်ဆုံး Safe ဖြစ်အောင် လုပ်ထားတယ်လို့ သိရတယ်။ တွေ့ရတာတော့ Play Store ကနေ Download ချတာ တွေ့တယ်” ဟု ဦးညီရန်းက ဆိုသည်။
ထို App များ သုံးစွဲရသည်မှာ အဆင်ပြေကြောင်းတွေ့ရပြီး ယခုအပလီကေးရှင်းကို အသုံးပြုရာတွင် အကောင့်ပျက်ခြင်းမျိုးကို မတွေ့ရကြောင်းလည်း စမ်းသပ်သုံးစွဲပြီးသူ ဦးညီရန်းက ဆိုသည်။ အဆိုပါ အပလီကေးရှင်းနှစ်ခု၏ရုံးမှာ မည်သည်နေရာတွင် ရှိနေသည်ကို သိပါသလားဟု MT News က ဆက်လက်မေးမြန်းခဲ့ရာ ဦးညီရန်းက “အသေးစိတ်တော့ ကျွန်တော်လည်း မသိရသေးပါဘူး” ဟု ပြန်လည်ဖြေကြားသည်။