MT News
Written by Nyein Kyaw
မင်္ဂလာတောင်ညွှန့်မြို့နယ် စက်ဆန်း ABC ကားမှတ်တိုင်တွင် ကြော်ငြာမှန်ကျကွဲ၍ ယင်းမှတ်တိုင်၌နေသည့် အိမ်ခြေမဲ့တစ်ဦး မျက်နှာနှင့် ဦးခေါင်းတို့ ပြတ်ရှထိခိုက်ဒဏ်ရာ ရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
“လက်ရှိက ရန်ကုန်ဆေးရုံကြီးမှာ မျက်လုံးတော့ မထိဘူး။ ဘေးအသားတွေ ထိပြီးပဲ့ကျပြီးတော့ အခဲလိုက်ကျတာ။ နည်းနည်းနက်သွားလို့ ချုပ်ရမယ်လို့တော့ ထင်တယ်။ ကျွန်တော်တို့က အခုအရေးပေါ် နောက်တစ်လိုင်းရှိလို့ ပြန်လာလိုက်တာ” ဟု မင်္ဂလာတောင်ညွန့်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဖြစ်စဉ်မှာ မတ်လ ၇ ရက် ညနေ ၃ နာရီ မိနစ် ၂၀ ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပုဇွန်တောင်လမ်း၊ စက်ဆန်း ABC ကားမှတ်တိုင် ထိုင်ခုံတွင် ထိုင်နေသော အိမ်ခြေမဲ့အမျိုးသားတစ်ဦး ကားမှတ်တိုင်ကြော်ငြာမှန်ကျကွဲသဖြင့် မျက်နှာ၊ ဦးခေါင်းတို့ ပြတ်ရှ၊ ထိခိုက် သွေးထွက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါနေရာသို့ မင်္ဂလာတောင်ညွန့်လူမှုကူညီရေးအသင်းမှ အချိန်နှင့်တစ်ပြေးညီရောက်ရှိ၍ ပုသိမ်ညွန့်လူမှုကူညီရေးအသင်းနှင့် ပူးပေါင်းပြီး လူနာအား သွေးထွက်မလွန်စေရန် ရှေးဦးပြုစုမှုပေးကာ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။