MT News
Written by Peya
ရေနံချောင်းမြို့နယ်၊ ညောင်လှချောင်းသာတွင် အသက် ၅ နှစ်နှင့် ၁၅ နှစ်အကြား အသက်မပြည့်သေးသည့်ကလေးငယ် ၄ ဦး မတ်လ ၆ ရက်က ရေနစ်ပျောက်ဆုံးခဲ့သည့်ဖြစ်စဉ်မှ အလောင်း ၄ လောင်းစလုံးကို ပြန်တွေ့ပြီ ဖြစ်ကြောင်း ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ပြောသည်။
ပထမဆုံး အသက် ၅ နှစ်အရွယ်ကလေးငယ်၏ အလောင်းကို မတ်လ ၇ ရက်မွန်းလွဲပိုင်းအချိန်တွင် ပျောက်ဆုံးခဲ့သည့် နေရာမှ ပေ ၄၀ ခန့်အကွာ ရေအနက် ပေ ၄၀ တွင် ပထမဆုံးတွေ့ရပြီးနောက် ပျောက်ဆုံးနေသော အလောင်းသုံးလောင်းကို ညနေပိုင်းတွင် ရေအောက်မှ ထပ်မံတွေ့ရခြင်း ဖြစ်သည်။
“ပထမ ကလေးကိုတွေ့တဲ့ မလှမ်းမကမ်းတွေမှာပဲ ပြန်တွေ့ရတာပါ။ ရေအနက်တွေကတော့ ပေ ၄၀၊ ၅၀ အဲ့ဒီလိုအနက်တွေပေါ့။ ရေအနက်ကတော့တစ်နေရာနဲ့တစ်နေရာမတူပါဘူး” ဟု ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ပြောသည်။
မတ်လ ၆ ရက် ညနေပိုင်းက ရေတိမ်ပိုင်းကတစ်ဆင့် တစ်ဖက်ကမ်းသို့ သွားရာတွင် ရေနက်သည့် နေရာကိုမသိဘဲ သွား ရောက်ရာမှ ရေအောက်သို့ မြုပ်သွားခဲ့ခြင်းဖြစ်ကြောင်းလည်းသိရပြီး ရေနစ်သေဆုံးသူများမှာဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်နှစ်ဦးနှင့် ဆယ်နှစ်အောက်ယောက်ျားလေးနှစ်ဦးဖြစ်ကြောင်း သိရသည်။