၇.၃.၂၀၂၃
Translated by Htwe Ko Tun
ဖိလစ်ပိုင်နိုင်ငံ မင်ဒိုရိုကျွန်း၊ အိုရီယန်တယ် မင်ဒိုရိုပြည်နယ်၏ ပင်လယ်ကမ်းခြေရွာများမှ ပြည်သူအများအပြားမှာ မတ်လ ၃ ရက်က နစ်မြုပ်ခဲ့သော ရေနံတင်သင်္ဘောတစ်စီးမှ ရေနံယိုဖိတ်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ယခုအခါ နေထိုင်မကောင်းဖြစ်နေကြရကြောင်းသိရသည်။
စက်မှုလုပ်ငန်းသုံး ရေနံစိမ်း လီတာ ၈၀၀,၀၀၀ ကို တင်ဆောင်လာသော MT Princess Empress ရေနံတင်သင်္ဘောက မင်ဒိုရိုကျွန်း အရှေ့ဘက်၊ အိုရီယန်တယ် မင်ဒိုရိုပြည်နယ်၏ ပင်လယ်ကမ်းခြေ၌ နစ်မြုပ်ကာရေနံယိုဖိတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယိုဖိတ်လာသောရေနံများက ကမ်းခြေတစ်လျှောက်ရှိ ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးကြသော တံငါရွာများသို့ ရောက်ရှိလာခဲ့သည်။ ယခုအခါတွင်မူ ဒေသခံအများအပြား၌ ဗိုက်အောင့်ခြင်း၊ အန်ခြင်း၊ ရီဝေဝေခေါင်းမူးခြင်းစသည်တို့ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ ရေနံစိမ်းအခိုးအငွေ့များကို ရှုရှိုက်မိခြင်းကြောင့်လည်း ပျို့ချင်အန်ချင် ဖြစ်ကာ ခေါင်းမူးခေါင်းကိုက်များလည်း ဖြစ်လာသည့်အပြင် အရေပြားယားယံကာ အရည်ကြည်ဖုများလည်းဖြစ်လာတတ်ကြသည်ဟု ဆိုသည်။
ဖိလစ်ပိုင်အစိုးရက အိုရီယန်တယ် မင်ဒိုရိုပြည်နယ် အတွင်း ရေနံယိုဖိတ်မှု သက်ရောက်ခဲ့သော ဒေသများကို ကပ်ဘေးအခြေအနေကြေညာကာ ရေနံယိုဖိတ်မှုအားရှင်းလင်းပြီးသည်အထိ ငါးဖမ်းခြင်းမပြုလုပ်ကြရန် ပိတ်ပင်ခဲ့သည်။ ထိုဒေသအတွင်း ကမ်းခြေရှိရွာပေါင်း ၆၀ ၌ တံငါလုပ်ငန်းဖြင့်အသက်မွေးသူ ၁၈,၀၀၀ ကျော်ရှိရာ ပိတ်ပင်မှုက ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းပြုမှုအတွက် ကြီးမားသော သက်ရောက်မှုဖြစ်ခဲ့ကြောင်း ဒေသအာဏာပိုင်များက ပြောခဲ့ကြသည်။
ထို့ပြင် ဖိလစ်ပိုင် ကမ္ဘာလှည့်ခရီးသွားဝန်ကြီးဌာနကလည်း ရေငုပ်ကစားမှုပြုရန်အတွက် ထင်ရှားလူသိများသော မင်ဒိုရိုကျွန်း၏ Verde ကျွန်းသင်္ဘောလမ်းနှင့် Apo ကျောက်တန်းတို့နှင့် ပါလာဝန်ကျွန်းရှိ ဒုတိယကမ္ဘာစစ်အတွင်းသင်္ဘောပျက်များနေရာတို့တွင် ရေနံယိုဖိတ်မှုကြောင့် ရေထုမသန့်ရှင်းမှုများဖြစ်လာမည်ကို စိုးရိမ်လျက်ရှိသည်။
ဇီဝပညာရှင်များကလည်း ရေနံယိုဖိတ်မှုကြောင့် သန္တာကျောက်တန်း၊ လမုပင်နှင့် ပင်လယ်ကြမ်းမြက်ခင်းပြင်တို့အပါအဝင် ၃၆,၀၀၀ ဟက်တာ(၈၈,၉၅၈ ဧက) အကျယ်ရှိ ဇီဝအရင်းအမြစ်များ ပျက်စီးဆုံးရှုံးမှုဖြစ်နိုင်ကြောင်း ပြောကြားခဲ့ကြသည်။ ရေနံစိမ်းက သန္တာကောင်များကိုသေစေခြင်း(သို့မဟုတ်)၎င်းတို့ကြီးထွားဖွံ့ဖြိုးမှုကို ကြန့်ကြာစေခြင်းအား ဖြစ်စေသည်။ တိရစ္ဆာန်များကို အဆိပ်ဖြစ်စေခြင်း(သို့မဟုတ်) အသက်ရှုကျပ်သေစေခြင်းတို့ကိုလည်း ဖြစ်ပွားစေနိုင်သည်။ ထို့ကြောင့်လည်း မင်ဒိုရိုကျွန်း ရေနံယိုဖိတ်မှုမှသည် လူသားတို့အတွက် အစားအသောက်နှင့်ဂေဟစနစ်များပါ ပျက်ပြားရမည်ကို ပညာရှင်များ အထူးစိုးရိမ်နေကြောင်း သိရသည်။ Ref-bbc