၇. ၃. ၂၀၂၃
Written by Ye Kyaw
နယ်စပ်မှ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ ရရှိသည့်ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်နှုန်းဖြင့် လဲလှယ်ရန်သတ်မှတ်ခဲ့သဖြင့် ဆန်တစ်အိတ်တင်ပို့တိုင်း ကျပ်တစ်သောင်းကျော် နစ်နာနေသည့်အတွက် မူဆယ်နယ်စပ်မှ တရုတ်သို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှု လက်ရှိတွင် ယာယီရပ်ဆိုင်းထားကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင်မှ သိရသည်။
“ဖေဖော်ဝါရီ ၂၈ ရက်နဲ့ မတ်လ ၁ ရက်မှာ ဆန်တစ်အိတ်ကို ၁၀,၈၀၀ နစ်နာသွားတယ်။ တရုတ်ပြည်က ဆန်ဈေးမတက်လာဘူး။ ဒီဘက်မှာ ၆၅-၃၅ ရာခိုင်နှုန်း ဘာပဲလုပ်လုပ် ဒီအတွက် ဆန်တစ်အိတ်ကို တစ်သောင်းလောက်ဟသွားရင် ပြည်တွင်းမှာ တစ်သောင်းလောက်လျော့ရမယ်။ ပြည်တွင်းမှာလည်း မလျော့တော့ လက်ရှိမှာ ခေတ္တယာယီရပ်ဆိုင်းထားရတယ်” ဟု မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောသည်။
လက်ရှိတွင် မဖြစ်မနေတင်ပို့ရမည့် စာချုပ်လက်ကျန်ပမာဏများကိုသာ တင်ပို့လျက်ရှိပြီး တစ်ရက်လျှင် ဆန်နှင့်ဆန်ကွဲ ကားအစီးရေ ငါးစီးဝန်းကျင်သာ ဝင်ရောက်မှုရှိကာ ယခင်ထက် ဆန်နှင့်ဆန်ကွဲတင်ပို့မှု ၉၀ ရာခိုင်နှုန်းခန့်အထိ လျော့ကျသွားကြောင်း သိရသည်။
“အရင်လိုင်စင်လက်ကျန်လောက်ပဲရှိတယ်။ သူကတစ်နေ့ကို လေး၊ ငါး၊ ခြောက်စီးလောက်ပဲ သွားနိုင်တော့တယ်။ ဒါက မဖြစ်မနေတင်ရတာ စာချုပ်ချုပ်ပြီးသားတွေဖြစ်နေလို့။ အရင်က တစ်နေ့ကို အစီးရေ ၄၀ နဲ့ ၅၀ ကြားမှာဝင်တယ်” ဟု ဦးမင်းသိန်းက ပြောသည်။
ပြည်ပသို့ နယ်စပ်မှ ဆန်နှင့် ဆန်ထွက်ပစ္စည်း တင်ပို့ရာတွင် ရရှိသည့်ပို့ကုန်ရငွေ (နိုင်ငံခြားသုံးငွေ)၏ ၆၅ ရာခိုင်နှုန်းကို မတ်လ ၁ ရက်မှ စတင်ပြီး ဗဟိုဘဏ်သတ်မှန်းထားသည့် နှုန်းထားအတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်တွင် ကြေညာခဲ့သည်။
၂၀၂၃ ခုနှစ် မတ်လ ၁ ရက်မှစတင်၍ တင်ပို့သည့်ဆန်နှင့် ဆန်ထွက်ပစ္စည်းများ၏ ပို့ကုန်ဝင်ငွေအပေါ် တစ်ပြေးညီကျင့်သုံးမည်ဖြစ်သဖြင့် အဆိုပါနေ့ရက်မတိုင်မီ ပြည်ပမှကုန်ဖိုးငွေ ကြိုတင်ပေးပို့ထားပြီး အဆိုပါနေ့ရက်နှင့်နောက်ပိုင်းတွင် ပြည်ပသို့တင်ပို့မည့် ဆန်နှင့်ဆန်ထွက်ပစ္စည်း ပို့ကုန်ရငွေများကိုလည်း သတ်မှတ်နှုန်းထားအတိုင်း မြန်မာကျပ်ငွေဖြင့်လဲလှယ်ရမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။