၇.၃.၂၀၂၃
Written by Peya
တက္ကသိုလ်ဝင်တန်း စာမေးပွဲကာလ ဆေးရုံတက်နေရသော ကျောင်းသား၊ ကျောင်းသူများ မနစ်နာစေရန်အတွက် ရန်ကုန်တွင် ဆေးရုံစာဖြေဌာန ၄ ခု စီစဉ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံက စုံစမ်းသိရသည်။
ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ စာစစ်ဌာနတို့က ကြိုတင်ညှိနှိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
“အဓိက,ကတော့ စာမေးပွဲကာလမှာ ကျောင်းသား၊ ကျောင်းသူတွေ မနစ်နာအောင်ပါပဲ။ ဆေးရုံ စာဖြေဌာန ၄ ခုကို ကျွန်တော်တို့ သတ်မှတ်ထားတာ ရှိပါတယ်။ အဲ့ဒါတွေကတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာ အထွေထွေရောဂါကုနဲ့ သင်ကြားရေးဆေးရုံ၊ ဗဟိုအမျိုးသမီးဆေးရုံကြီးနဲ့ ဝေဘာဂီအထူးကုဆေးရုံတို့ ဖြစ်ပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက MT News ကို အတည်ပြုပြောကြားသည်။
သင်ရိုးဟောင်း တက္ကသိုလ်ဝင်တန်းအတွက် နောက်ဆုံးစာမေးပွဲဖြစ်သည့် ယခုစာမေးပွဲကြီးကို မတ်လ ၈ ရက်မှ ၁၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မတ်လ ၁ ရက်မှ ၂၀ ရက်အထိ ညနေပိုင်း ၅ နာရီမှ ညပိုင်း ၁၀ နာရီအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုလက်မှုလုပ်ငန်းများ ညပိုင်းဓာတ်အားသုံးစွဲ၍ အလုပ်မလုပ်ရန်နှင့် စစ်ဆေးတွေ့ရှိပါက အုပ်ချုပ်မှုနည်းလမ်းအရ အရေးယူသွားမည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) က ကြေညာထားသည်။