၇. ၃. ၂၀၂၃
Written by Thettant
စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း-မင်းကွန်းလမ်း၊ အာလောင်ကျေးရွာအဝင်တွင် ဘုန်းကြီးကျောင်းသို့ ရေသွားရောက်လှုဒါန်းသည့် နိဗ္ဗာန်သုခပရဟိတယာဥ် ဘုရားအတက်တွင် နောက်ပြန်လိမ့်ကျရာမှ သစ်ပင်နှင့်ကားညပ်ပြီး တစ်ဦးသေဆုံးမှု ယနေ့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ယနေ့နံနက် ၁၀ နာရီ ၅၅ မိနစ်က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း-မင်းကွန်းလမ်း၊ အာလောင်ကျေးရွာအဝင်တွင် မန္တလေးမှ အာလောင်ကျေးရွာရှိ ဥတ္တရဘောဓိကျောင်းတိုက်သို့ ရေလာရောက်လှူဒါန်းသည့် နိဗ္ဗာန်သုခပရဟိတအသင်းမှ ရေသယ်ယာဉ်သည် အာလောင်ရှစ်မျက်နှာဘုရားအတက်တွင် နောက်ပြန်လိမ့်ကျပြီး သစ်ပင်ကြားတွင် ညပ်နေကြောင်း သတင်းရရှိသဖြင့် စစ်ကိုင်းခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ စစ်ကိုင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်စက်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ထုံးဘိုအရန်မီးသတ်စခန်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သုခကာရီလူမှုကူညီရေးအသင်းနှင့် SERT အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့သည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျားလေးဦးအနက် သေဆုံးသူအမျိုးသားတစ်ဦးအား သုခကာရီလူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် စစ်ကိုင်းကုတင်(၂၀၀) ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်ဟု ထုံးဘိုအရေးပေါ်ရှာဖွေကယ်ဆယ်ရေး ( အရန်မီးသတ်တပ်ဖွဲ့)မှ သတင်းထုတ်ပြန်ထားသည်။
“စစ်ကိုင်းက ဘုန်းကြီးကျောင်းတွေ၊ သီလရှင်ကျောင်းတွေကို ဒီကားနဲ့ပဲ ရေလိုက်လှူနေတာကြာပြီလို့ ပြောပါတယ်။ အခုလည်း ကနဦးသိရတာက စက်ချို့ယွင်း ကားကနောက်ပြန်လျှောကျပြီး ပြုတ်ကျရာက သစ်ပင်သုံးပင်ကြားမှာ ကန့်လန့်ညပ်သွားပြီး အသက် ၆၀ ကျော် ပရဟိတသမားတစ်ယောက်ဆုံးသွားတယ်လို့ သိရပါတယ်။ ကျန်တဲ့သုံးယောက်ကတော့ အခြေအနေကောင်းပါတယ်”ဟု ကူညီခဲ့သည့်ပရဟိတအဖွဲ့ဝင်တစ်ဦးက ဆိုသည်။