၇.၃.၂၀၂၃.
translated by Htwe Ko Tun
မြောက်ကိုရီးယားအစိုးရက ပစိဖိတ်သမုဒ္ဒရာသို့ ၎င်း၏ဒုံးပျံများပစ်လွှတ်စမ်းသပ်နေစဉ်အတွင်း အမေရိကန်က ၎င်းဒုံးပျံများကို ကြားဖြတ်တိုက်ခိုက်ပစ်ချခြင်းမျိုးပြုလုပ်ခဲ့မည်ဆိုပါက စစ်ကြေညာတိုက်ခိုက်မှုတစ်ရပ်အဖြစ် မှတ်ယူရလိမ့်မည်ဖြစ်ကြောင်း မတ်လ ၇ ရက်တွင် သတိပေးလိုက်သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်၏ သြဇာအာဏာကြီးမားသော ညီမဖြစ်သူ ကင်ယိုဂျုံက ကြေညာချက်တစ်ရပ်တွင် မြောက်ကိုရီးယား၏ မဟာဗျူဟာလက်နက်များပစ်လွှတ်စမ်းသပ်မှုကို ကြားဖြတ်ပစ်ခတ်တိုက်ခိုက်မှုပြုလာခဲ့လျှင် မြောက်ကိုရီးယားနိုင်ငံအပေါ် ပွင့်ပွင့်လင်းလင်း စစ်ကြေညာမှုတစ်ရပ်အဖြစ် မှတ်ယူသွားမည်ဖြစ်ကြောင်း၊ ပစိဖိတ်သမုဒ္ဒရာက အမေရိကန် (သို့မဟုတ်) ဂျပန်တို့၏ ပိုင်ဆိုင်အုပ်ချုပ်မှုနယ်မြေလည်းမဟုတ်ကြောင်း၊ မြောက်ကိုရီးယားအနေဖြင့် မည်သည့်အချိန်တွင်မဆို သင့်တော်လျင်မြန်သောဆောင်ရွက်မှုဖြင့် တုံပြန်ရန် အသင့်အနေအထားရှိကြောင်း ဖော်ပြခဲ့သည်။
အမေရိကန်နှင့် တောင်ကိုရီးယားတို့က ပူးတွဲစစ်ရေးလေ့ကျင့်မှုများအပါအဝင် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုများကို နျူကလီယားလက်နက်ပိုင်ဆိုင်ထားသော မြောက်ကိုရီးယားထံမှ ခြိမ်းခြောက်မှုများအား တုံ့ပြန်သောအားဖြင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ပြုလုပ်လာခဲ့ကြသည်။ မြောက်ကိုရီးယားက ပြီးခဲ့သည့်လများအတွင်း ပိတ်ပင်မှုပြုထားသော လက်နက်စမ်းသပ်မှုများကို အဆက်မပြတ်ပြုလုပ်လာခဲ့သည်။
မြောက်ကိုရီးယားအစိုးရဘက်ကလည်း ၎င်း၏နျူကလီးယားလက်နက်နှင့် ဒုံးပျံအစီအစဉ်များက နိုင်ငံကာကွယ်ရေးအတွက်သာဖြစ်ကြောင်း ပြောခဲ့ပြီး ၎င်းအနေဖြင့် အမေရိကန်နှင့် တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို မကျေမနပ်ဖြစ်လျက်ရှိသည်။ မြောက်ကိုရီးယားအစိုးရက ထိုစစ်ရေးလေ့ကျင့်မှုများအား အမေရိကန်အနေဖြင့် ကျူးကျော်မှုတစ်ရပ်စတင်ရန် အစမ်းလေ့ကျင့်နေမှုများအဖြစ် ဝေဖန်ပြောကြားခဲ့သည်။
မတ်လအတွင်းတွင်လည်း အမေရိကန်နှင့် တောင်ကိုရီးယားတို့က ငါးနှစ်အတွင်း အကြီးမားဆုံးသော ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်သွားရန်ရှိကြောင်း သိရသည်။ မတ်လ ၁၃ ရက်တွင်စတင်မည့် Freedom Shield အမည်ရှိ ထိုပူးတွဲစစ်ရေးလေ့ကျင့်မှုများက အနည်းဆုံး ၁၀ ရက်ကြာမည်ဖြစ်ပြီး ၎င်းမတိုင်မီ အမေရိကန်နှင့်မဟာမိတ်များက နျူကလီယားထိပ်ဖူးသယ်ဆောင်နိုင်သော အမေရိကန်၏ ဘီ-၅၂ မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးများပါဝင်သည့် လေကြောင်းစစ်ဆင်ရေးတစ်ရပ်ကိုလည်း မတ်လ ပထမပတ်အတွင်းက ပြုလုပ်ခဲ့ကြသေးသည်။
မတ်လ ၇ ရက်တွင်ထုတ်ပြန်သည့် သီးခြားကြေညာချက်တစ်ရပ်၌လည်း မြောက်ကိုရီးယားအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်သည် တင်းမာမှုများမြင့်တက်စေရန် တမင်သက်သက် ရည်ရွယ်ချက်ဖြင့်လုပ်ဆောင်နေကြောင်း စွပ်စွဲပြောကြားခဲ့သည်။ KCNA သတင်းဌာနက ထုတ်ပြန်ခဲ့သော ကြေညာချက်တစ်ရပ်၌လည်း မတ်လအတွင်းပြုလုပ်ခဲ့သော လေကြောင်းစစ်ဆင်ရေးက အမေရိကန်၏ မြောက်ကိုရီးယားကို နျူကလီယားလက်နက်များသုံး၍ စစ်ဆင်နွှရန်အကြံကို ထင်ထင်ရှားရှားပြသနေခြင်းဟု ဖော်ပြခဲ့သည်။
Ref—-AFP