၇. ၃. ၂၀၂၃
Written By Thandar
ကျွမ်းဘားမယ်တစ်ဦးကနေ အလှမယ်လောကထဲရောက်ရှိလာတဲ့ Miss ဝင်းသော်တာအောင်ဟာ လက်ရှိမှာ Miss Grand Yangon 2024 ပြိုင်ပွဲဝင်နေသူဖြစ်ပြီး ကျွမ်းဘားမယ်ကနေ အလှမယ်ဝင်ပြိုင်တဲ့ အသော့်အတွက် အရာရာတိုင်းက စိန်ခေါ်မှုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
“ကျွမ်းဘားမယ်ကနေ အလှမယ်ဝင်ပြိုင်တဲ့ အသော့်အတွက်ကတော့ အရာရာတိုင်းက စိန်ခေါ်မှုကောင်းတွေချည်းပါပဲ။ အားကစားမှာ ထူးချွန်နေပေမယ့် Miss ပိုင်းရောက်တော့ စစချင်း Catwalk ကို စကြိုးစားရပါတယ်။ နောက်တော့ Posing Turning တွေပေါ့။ ဒါတွေကလည်း အသော်တစ်ယောက်ထဲ ကြိုးစားမှုနဲ့ ရလာတာမျိုးတော့ မဟုတ်ပါဘူး။ ဘေးကနေဝိုင်းပြီး ကူညီပေးကြတဲ့သူတွေကြောင့် အဆင်ပြေလာခဲ့တာပါ။ အဓိက က ညီမ ကင်မရာကို ကြည့်ဖို့ကို အရမ်းကြောက်တာ။ မရဲဘူးလေ။ ဒါပေမဲ့ Catwalk သင်ပေးတဲ့ အကိုက Camera ကြည့်ပုံ ကြည့်နည်းတွေ ဘယ်လို စိတ်ထားရမယ်ဆိုတာတွေပါ တစ်ခုချင်းဆီသင်ပေးတော့ ညီမလည်း အဆင်ပြေလာခဲ့တာပါ”လို့ အလှမယ် ဝင်းသော်တာအောင်က ပြောပါတယ်။
သူမ အလှမယ်လောကထဲကို ဝင်ရောက်ခဲ့တာကလည်း ဝါသနာကြောင့်ဖြစ်ပြီး ပြိုင်ပွဲစတင်ယှဉ်ပြိုင်မယ်လို့ ဆုံးဖြတ်တဲ့ အချိန်ကတည်းက အခုပြိုင်ပွဲကာလအတွင်းမှာလည်း အကောင်းဆုံးကို ယုံကြည်မူအပြည့်နဲ့ ကြိုးစားချပြခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိ ဝင်းသော်တာအောင် ပါဝင်ယှဉ်ပြိုင်နေတဲ့ Miss Grand Yangon 2024 Final ပွဲကြီးကိုတော့ လာမယ့် မတ် ၁၅ ရက်မှာ ကျင်းပသွားမှာဖြစ်ပြီး ဒီပြိုင်ပွဲကနေ Miss Grand ပြိုင်ပွဲအတွက် Yangon Winner တစ်ဦးကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်။
“ကိုယ့်မှာ Miss တစ်ယောက်ဖြစ်ဖို့ အရည်အချင်း ဘယ်လောက်ရှိလဲဆိုတာ သိချင်တာရယ်။ ကိုယ့်မှာ ရှိနေပြီးသား အရည်အချင်းတွေကို ချပြဖို့ထိုက်တန်မယ် ထင်တဲ့အတွက် ပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်တာပါ။ ယုံကြည်မှုကတော့ အကောင်းဆုံးလုပ်နိုင်မယ်ဆိုတာ ယုံကြည်တယ်။ Final ပွဲကြီးမှာလည်း အကောင်းဆုံးယှဉ်ပြိုင်သွားမှာဖြစ်တဲ့အတွက် MGY 03 အသော်လေးနဲ့အတူ ညီအစ်မတွေ အကုန်လုံးကိုလည်း အားပေးကြပါဦး”လို သူမက ဆက်ပြောပါတယ်။
Miss Universe Yangon 2019 ခုနှစ်ကလည်း အလှမယ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့သူဖြစ်ပါတယ်။ ဝင်းသော်တာအောင်က Fitness Physique မှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ရွေးချယ်ခံထားရပြီး လာမယ့် စက်တင်ဘာလမှာလည်း နီပေါနိုင်ငံကို ပြိုင်ပွဲသွားရောက် ယှဉ်ပြိုင်ဖို့ရှိတယ်လို့ သိရပါတယ်။