၇. ၃. ၂၀၂၃
Written by Nyein Kyaw
မှော်ဘီမြို့နယ်တွင် အမျိုးသမီးတစ်ဦးနှင့် ယောကျာ်းစိတ်ပေါက်နေသည့် ယောက်ျားလျာနှစ်ဦးစလုံး ရေကန်အတွင်း ပျောက်ဆုံးသွားခဲ့ပြီး တစ်ရက်အကြာ ယနေ့နံနက်ပိုင်းတွင် နှစ်ဦးလုံးကို သေဆုံးလျက်သား ပြန်တွေ့ခဲ့ကြောင်း သိရသည်။
“ကောင်မလေးတစ်ယောက်က ယောကျ်ားစိတ်လေးပေါက်နေတာပေါ့။ တစ်ယောက်ကို ကြိုက်တဲ့ပုံစံလေးရှိတယ်။ အဲဒီမှာ သူတို့နှစ်ယောက်စကားများတယ်။ ရေထဲက ဆင်းချိုးတာလား။ ကူးတာလားတော့ မသိဘူး။ နှစ်ယောက်လုံးက အမျိုးသမီး တစ်ယောက်က ယောကျ်ားလျာလေးပေါ့” ဟု မင်္ဂလာတောင်ညွှန့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဖြစ်စဥ်မှာ မတ်လ ၆ ရက် ညပိုင်းတွင် မှော်ဘီမြို့နယ်၊ လိပ်ပုတ်ရွာတွင် အမျိုးသမီးနှစ်ဦး (တစ်ဦးမှာ ယောကျာ်းစိတ်ပေါက်နေသူ)တို့ ရေကန်အတွင်း ရေနစ်ပျောက်ဆုံးသွားသဖြင့် ပုလဲမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ထံသို့ အကြောင်းကြားခဲ့သောကြောင့် ပုလဲမြို့နယ်အရန်မီးသတ်တပ်ဖွဲ့နှင့် အခြားသောလူမှုကူညီရေးအသင်းတို့ သွားရောက်၍ ပူးပေါင်းရှာဖွေပေးခဲ့ခြင်းဖြစ်သည်။
“သူကတော့ မနေ့ညက သတင်းရတယ်။ ကောင်မလေးနှစ်ယောက် ပျောက်ဆုံးသွားတယ်။ ရေကန်ထဲကို ကျသွားတယ်ဆိုတော့ သတင်းမမှန်မှာစိုးလို့ သူတို့ ခိုးရာပဲလိုက်သလို မျိုးစုံထင်မြင်ချက်တွေနဲ့ပေါ့။ အဲဒါနဲ့ ကျွန်တော်တို့အဖွဲ့အကြီးတွေကနေ ပူးပေါင်းလိုတဲ့အဖွဲ့တွေနဲ့ သူတို့ မနက် ၆ နာရီလောက်မှာ သွားရောက်ရှာတယ်။ ၈ နာရီလောက်မှာ ဆင်းကြည့်တယ်ပေါ့။ ကန်တော့ပွဲတွေဘာတွေနဲ့ အဲဒီမှာ ပထမတစ်လောင်းစတွေ့တယ်။ ဒုတိယတစ်လောင်းလည်း အဲဒီမှာ ရှိလောက်တယ်ဆိုပြီး ပြန်ဆက်ရှာတယ်။ နှစ်လောင်းလုံးကို ပြန်ရခဲ့တာပေါ့” ဟု ၎င်းက ဆိုသည်။
ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်ခဲ့သဖြင့် ယနေ့နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် နှစ်ဦးလုံးကို ပြန်လည်တွေ့ရှိခဲ့ပြီး သေဆုံးသူအမျိုးသမီးနှစ်ဦးကို မင်္ဂလာဒုံဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
“လက်ရှိအခြေအနေကတော့ မင်္ဂလာဒုံဆေးရုံမှာ ပို့ထားတယ်။ ရဲမှုခင်းဖြစ်တော့ အဲဒီမှာပဲထားခဲ့တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။