၆. ၃. ၂၀၂၃
Translated by Htwe Ko Tun
ဖိလစ်ပိုင်နိုင်ငံ၊ မက်ထရိုမနီလာ အမျိုးသားမြို့တော်နယ်မြေအတွင်း အများပြည်သူသယ်သူပို့ဆောင်ရေး၏ ၈၀ ရာခိုင်နှုန်းက မတ်လ ၆ ရက်တွင် သပိတ်မှောက်ဆန္ဒပြမှုကြောင့် လည်ပတ်မှုရပ်ဆိုင်းသွားခဲ့ကြောင်း PISTON သယ်ယူပို့ဆောင်ရေးအုပ်စုက ပြောကြားခဲ့သည်။
မက်ထရိုမနီလာ အမျိုးသားမြို့တော်နယ်မြေအတွင်း လူစည်ကားလှသော စီးပွားရေးအချက်အခြာဒေသဖြစ်သည့် ကျူးဘောင်း(Cubao) ဆင်ခြေဖုံးဒေသ၌ဆိုလျှင် အနည်းဆုံး Jeepneys ကားလမ်းကြောင်း ခုနစ်ခု ရပ်ဆိုင်းသွားခဲ့သည်။ အခြားသော အမျိုးသားမြို့တော်နယ်မြေအတွင်းရှိ ဆင်ခြေဖုံးနယ်မြေများ အများပြည်သူသယ်ယူပို့ဆောင်ရေး သပိတ်မှောက်ဆန္ဒပြမှုကြောင့် ကြီးမားစွာသက်ရောက်မှုရှိခဲ့ကြောင်း သိရသည်။ မက်ထရိုမနီလာ အပြင်ဘက်ရှိ စီဘူး၊ ဘာကိုလော့ဒ်၊ ဒါဗာအိုနှင့် ပါနေးကဲ့သို့ မြို့ကြီးများတွင်လည်း သပိတ်မှောက်ဆန္ဒပြမှုကြောင့် ပို့ဆောင်သွားလာရေးများ ထိခိုက်ရပ်ဆိုင်းသွားကြောင်း PISTON အဖွဲ့ ၏ ဥက္ကဋ္ဌ ဖလိုရန်ဒါက ပြောခဲ့သည်။
မတ်လ ၆ ရက်တွင် သပိတ်မှောက်ဆန္ဒပြမှုတွင် နိုင်ငံတစ်ဝန်းရှိ Jeepneys ယာဉ်မောင်းနှင့် အများပြည်သူပို့ဆောင်ရေးလုပ်ငန်းလည်ပတ်နေသူ အနည်းဆုံး ၁၀၀,၀၀၀ ပါဝင်ခဲ့သည်။ ဆန္ဒပြမှုတွင် အစိုးရ၏ အများပြည်သူပို့ဆောင်ရေးယာဉ်များ ခေတ်မီတိုးတက်ရေးအစီအစဉ်အရ Jeepneys ကားများကို အဆင့်ဆင့် ရပ်ဆိုင်းမှုပြုရန် စီစဉ်ထားမှုအား ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။
ဆန္ဒပြမှုကို တစ်ပတ်ကြာဆောင်ရွက်သွားမည်ဟုလည်းသိရကာ Jeepneys ယာဉ်မောင်းများက ဆိုင်းဘုတ်များကိုင်ကာ မက်ထရိုမနီလာအတွင်း လှည့်လည်ဆန္ဒပြခဲ့ကြသည်။ Jeepneys ယာဉ်မောင်းများမှာ ကိုဗစ်-၁၉ ကာလတွင်လည်း အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်လိုင်းများရပ်တန့်ခဲ့ရမှုကြောင့် ဝင်ငွေမရှိဖြစ်ကာ အချို့ဆိုလျှင် ကားများပေါ်တွင်ပင် မိသားစုနေထိုင်စားသောက်ကြရသည်အထိ စီးပွားရေးထိခိုက်ခဲ့ကြသည်။
Ref—-Manila Times