MT News
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒက်ကာမြို့ရှိ သိပ္ပံဓာတ်ခွဲခန်းတွင် မတ်လ ၅ ရက် နံနက်ပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူသုံးဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့ကြောင်း သတင်းများအရ သိရသည်။
အဆိုပါဓာတ်ခွဲခန်းပေါက်ကွဲမှုက ဒက်ကာမြို့အတွင်း မတ်လ ၅ ရက် နံနက် ၁၀ နာရီ ၅၂ မိနစ်တွင်ဖြစ်ပွားခဲ့ပြီး ဒက်ကာမြို့သိပ္ပံဓာတ်ခွဲခန်းဧရိယာအတွင်းရှိ ရှီရင်မန်ရှင်း အမည်ရှိ သုံးထပ်အဆောက်အအုံတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပေါက်ကွဲမှုကြောင့် အဆောက်အအုံမှာလည်းတစ်စိတ်တစ်ပိုင်း ပြိုကျသွားခဲ့ကြောင်း သိရသည်။
ရဲမင်းကြီး မာဟစ် ဥဒင်က လေ့လာစိစစ်မှုများအရ ပေါက်ကွဲမှုဖြစ်ရခြင်း အကြောင်းရင်းသုံးခုရှိနိုင်ကြောင်း၊ပေါက်ကွဲမှုက ဓာတ်ငွေ့ဆလင်ဒါတစ်ခုပေါက်ကွဲမှုကြောင့် စတင်ဖြစ်ခဲ့ရခြင်းဆိုသော်လည်း အကြောင်းရင်းကို အတိအကျ ပြောကြားနိုင်ရန် အချိန်ယူစစ်ဆေးရမည်ဖြစ်ကြောင်း ပြောခဲ့သည်။ ထို့ပြင် ပေါက်ကွဲမှုဖြစ်ပွားအပြီး အဆောက်အအုံ၏ အခြေအနေက အန္တရာယ်ရှိစိုးရိမ်ဖွယ်ရာကောင်းသောကြောင့် အဆောက်အအုံအတွင်း ဝင်ရောက်ခွင့်ကို ခွင့်ပြုမည်မဟုတ်ဟုလည်းပြောခဲ့သည်။ ဒဏ်ရာရရှိသူအချို့မှာလည်းစိုးရိမ်ဖွယ်အခြေအနေတွင်ရှိကြောင်း ၎င်းကပြောခဲ့သည်။
ဒေသခံများက အဆိုပါသုံးထပ်အဆောက်အအုံတွင်မြေညီထပ်နှင့်ဒုတိယထပ်များ၌ အထည်ဆိုင်များရှိကြောင်း၊ ထိုအဆောက်အအုံဘေးတွင် အထပ်မြင့် လူနေအဆောက်အအုံများနှင် ပရီရာဂန် ဈေးဝယ်စင်တာတို့ရှိကြောင်း၊ ကျယ်လောင်လှသော ပေါက်ကွဲသံပေါ်လာပြီးနောက် အနီးအနားပတ်ဝန်းကျင်တစ်ဝိုက်လုံးကို ဓာတ်ငွေ့နှင့်မီးခိုးများဖုံးလွှမ်းသွားခဲ့ကြောင်း ပြောခဲ့သည်။
ပေါက်ကွဲမှုကြောင့် သုံးထပ်အဆောက်အအုံမှာ အုတ်နံရံများ၊ မှန်များကွဲကာ လမ်းပေါ်သို့ကျလာပြီးလမ်းသွားလမ်းလာတစ်ဦးနှင့် ယာဉ်မောင်းတစ်ဦးတို့ပါဒဏ်ရာရခဲ့ရကြောင်း သိရသည်။
Ref—-Dhaka Tribune