၃. ၃. ၂၀၂၃
Written By Thandar
ရင်သွေးငယ်လေးတွေ မိခင်တစ်ယောက်အဖြစ် ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေကတော့ အွန်လိုင်းပေါ်မှာ လူငယ်တွေ ဟိုတယ်မှာ ရောက်နေတဲ့ ပုံတင်တာတွေမြင်တော့ ကိုယ့်သားသမီးတွေ အတွက် စိတ်ပူမိတယ်လို့ ဆိုပါတယ်။
“ကလေးတွေက နှိပ်စက်တာရှိလာတဲ့အပေါ် အမကတော့ စိတ်မကောင်းဖြစ်တာပေါ့။ အခုလည်း သက်ဆိုင်ရာက သိသွားပြီး မတရားလုပ်တယ်ဆိုရင် မတရားခံရမှာပါ။ ကိုယ့်မှာလည်း သားသမီးတွေရှိတော့ စိတ်မကောင်းဖြစ်တာပေါ့။ မိဘမဲ့ဂေဟာဆိုတာ ကိုယ်တိုင်က ကလေးတွေကိုချစ်တယ်။ ဟိုတယ်အခန်းက ကလေးပုံ အမလည်းတွေ့ပါတယ်။ လိုင်းပေါ်မှာ လူငယ်တွေ ဟိုတယ်မှာပုံတင်တာတွေ အဲဒါတွေမြင်တော့ ကိုယ့်သားသမီးတွေအတွက် စိတ်ပူမိတယ်။ အခုတောင်ဒီလိုဖြစ်နေရင် နောင်လာမယ့် နောင်၁၅ နှစ်ကျော် ၁၆ နှစ်ဆိုရင် ခေတ်က ဘယ်လိုတွေ ဖြစ်လာမလဲပေါ့ ။ လာမယ့်ခေတ်ကိုလည်း ရင်လေးတယ်။ စိတ်ပူမိတယ်။ ငါ့သားသမီးတွေအတွက် တကယ်ကို ရင်လေးရတယ်။ ပရိသတ်က ချစ်စိတ်ကြောင့် အသိအမှတ်ပြုအားကိုးကြတယ်။ သူတို့ မိဘတွေ တွေ့ရင်လည်း ဘယ်လောက်ခံစားရမလဲ တွေးမိတယ်။ ရင်ကျိုးမှာပဲလေ”လို့ သရုပ်ဆောင် ခိုင်နှင်းဝေက ပြောပါတယ်။
Doctor A Beyond Luxury Aesthetic ဆေးခန်း ၄ နှစ်ပြည့် အထိမ်းအမှတ်အလှူမှာ လူဦးရေ ၁၅၀၀ ကျော်စာအလှူအတွက် လူအယောက် ၉၀၀ စာ မခိုင်နှင်းဝေက ကူညီပြီး တခြားမြို့နယ်တစ်ခုကနေ တစ်ခုကို လာဖို့ကားတွေပါစီစဥ်ပေးခဲ့တယ်လို့ သိရပါတယ်။ သူမကတော့ ပရဟိတအနေနဲ့ ကိုယ့်အလှူရယ်မှမဟုတ်ဘဲ သူများအလှူမှာ ပါဝင်အားဖြည့်တာလည်း ကိုယ့်အတွက် ကုသိုလ်ရတာပါပဲ ကုသိုလ်ယူတတ်ရင် ရပါတယ်လို့ ဆိုပါတယ်။
“အခုခေတ်မှာ ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ်ပါ စိတ်ပူရတယ်။ သားရှင်လည်း စိတ်ပူရတယ် ပန်းကောင်း အညွှန့်ချိုးသလိုပေါ့။ မိန်းကလေးတွေပဲ ရိုက်ပြီးဆုံးမရမလား။ မိန်းကလေးတွေ ဆယ်ကျော်သက်လေးတွေ ဖုန်းလေးတွေ လက်ထဲကိုင်ပြီး ယောကျ်ားလေးလည်း ဆေးလိပ်တွေလက်ကြားကိုင်ပြီး စတိုင်ဖြစ်လာကြတယ်။ မိန်းကလေးတွေလည်း ၁၀ နှစ် ၁၁ နှစ်နဲ့ ရည်းစားထားကြတာ ခေတ်ကြီးက တော်တော်ကြောက်ဖို့ကောင်းတယ်။ နှစ်ယောက်တွေ့ပြီး ဖြစ်လာမယ့် ဆိုးကျိုးကို သိဖို့အရေးကြီးတယ်။ မိဘကလည်း တစ်နည်းနည်းနဲ့ ကြည့်ရှုစောင့်ရှောက်ရမယ်။ မျက်စိပွင့်နားပွင့်တော့ နေရမယ် ဘာမှမသိရင် အနိုင်ကျင့်စော်ကားတာခံရမယ်။ မိန်းကလေးလည်း အယုံမလွယ်ဖို့လိုတယ်။ ခုခေတ်မိဘတွေက စီးပွားကိုမဲရှာနေတော့ သားသမီးနဲ့ ဝေးသလို ဖြစ်သွားတယ် ။ မိဘကတော့ လိုက်လျောပြီးတော့ အမြဲတစေ့တစောင့်ကြည့် ခိုးကြည့်ပြီထိန်းရမယ်။ ခေတ်ဆန်တာ ကောင်းတယ် ခေတ်လွန်တာမကောင်းဘူး”လို့ သူမကဆက်ပြောပါတယ်။
ခေတ်ကာလရေစီးကြောင်း ဘယ်လိုပဲပြောင်းမူအရ လူငယ်ပိုင်းတွေ အမှားအယွင်းတွေဖြစ်လာသလို မဖြစ်သင့်တာဖြစ်လာတယ်လို့ ဆိုပါတယ်။ မြန်မာလူမျိုးဖြစ်တဲ့အတွက် ရှက်သင့်တာကို မရှက်ဘဲ မရှက်သင့်တာကို ရှက်နေတဲ့ လွဲချော်မူတွေရှိတယ်လို့ ဆိုပါတယ်။