၃. ၃. ၂၀၂၃
Written by Nyein Kyaw
၂၀၂၃ ခုနှစ်၊ မတ်လအတွင်း နိုင်ငံတကာ ကုန်သေတ္တာတင်သင်္ဘောလိုင်းများမှ ကုန်သေတ္တာတင်သင်္ဘော ၅၅ စီးအထိ ပြေးဆွဲသွားနိုင်မည်ဖြစ်ပြီး ဖေဖော်ဝါရီလထက် ပို၍ပြေးဆွဲနိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။
ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် လည်းကောင်း၊ ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့်တင်သွင်းနိုင်ရန်အတွက် လည်းကောင်း၊ ကုန်သေတ္တာတင်သင်္ဘောလိုင်းအသီးသီးမှ ခရီးစဥ်များ ပြန်လည်တိုးချဲ့ပြေးဆွဲရန် စီစဥ်ထားရှိကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။
၂၀၂၃ ခုနှစ်၊ မတ်လတွင် လတ်တလော ကုန်သေတ္တာတင် သင်္ဘော ၅၅ စီး ပြေးဆွဲသွားမည်ဖြစ်ကြောင်းနှင့် ထပ်မံတိုးချဲ့ပြေးဆွဲမည့် စာရင်းများအား အချိန်နှင့်တစ်ပြေးညီ တင်ပြသွားမည်ဖြစ်ကြောင်း ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များသို့ အသိပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ကုန်သေတ္တာတင်သင်္ဘော ၅၁ စီးသာ ပြေးဆွဲနိုင်ခဲ့ခြင်းဖြစ်သဖြင့် ယခုမတ်လတွင် ယခင်လထက် ကုန်သေတ္တာတင်သင်္ဘော လေးစီးအထိ ပိုမိုပြေးဆွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိဘဏ္ဍာနှစ် ၁၁ လခန့်တွင် မြန်မာနိုင်ငံ၏ ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၃ ဒသမ ၁၄၉ ဘီလျံရှိပြီး ယခင်နှစ်ကာလတူထက် ကုန်သွယ်မှုပမာဏ ဒေါ်လာသုံးဘီလျံကျော် ပိုမိုဆောင်ရွက်ထားသည်။ အဆိုပါကာလတွင် ပို့ကုန်တင်ပို့မှုပမာဏ ဒေါ်လာ ၉ ဒသမ ၆ ဘီလျံကျော်နှင့် သွင်းကုန်တင်သွင်းမှု ၁၃ ဘီလျံခွဲအထိရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။