MT News
၃. ၃. ၂၀၂၃
ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့ (GANHRI) ၏ နှစ်ပတ်လည် အစည်းအဝေးသို့ ပါဝင်တက်ရောက်ရန် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) အား ဖိတ်ကြားထားကြောင်း သိရသည်။
၂၀၂၃ ခုနှစ် မတ်လ ၁၄ ရက်မှ ၁၆ ရက်အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် လူတွေ့ကျင်းပမည့် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့ (GANHRI) ၏ နှစ်ပတ်လည် အစည်းအဝေးသို့ ပါဝင်တက်ရောက်ရန် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) အား ဖိတ်ကြားခဲ့သည်။ ထိုသို့ ဖိတ်ကြားမှုအပေါ် လွတ်လပ်သော နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနဆိုင်ရာ အရပ်ဘက် လူထုအဖွဲ့အစည်းများ အလုပ်အဖွဲ့ (“အလုပ်အဖွဲ့”) နှင့် အာရှဒေသ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများ ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများကွန်ရက် (ANNI) တို့က အပြင်းထန်ဆုံး ကန့်ကွက်ရှုတ်ချသည်ဟုလည်း ထုတ်ပြန်ထားသည်။
ထို့အတူ NUG လူ့အခွင့်အရေးဝန်ကြီးဦးအောင်မျိုးမင်းကလည်း ” လူ့အခွင့်အရေးကော်မရှင်အမည်ခံပြီး လူ့အခွင့်အရေးကိစ္စမလုပ်ဆောင်တဲ့ ကော်မရှင်တစ်ရပ်ကို အခုလိုဖိတ်ကြားခြင်းက မြန်မာနိုင်ငံလက်ရှိအခြေအနေ ဘယ်လောက်ထိဆိုးရွားနေတာမသိသလို လူ့အခွင့်အရေးမလုပ်တဲ့ ကော်မရှင်ကို ဖိတ်ကြားခြင်းက မှားယွင်းတဲ့ အကြောင်းအရာဖြစ်တယ်” ဟု ဝေဖန်သည်။
GANHRI သည် လက်ရှိအာဏာရယူထားသော SAC ၏ MNHRC ကိုသာ ဖိတ်ကြားခဲ့ပြီး လေလှိုင်းအစိုးရ NUG ကိုမူ အဖက်လုပ်ဖိတ်ကြားခဲ့ခြင်းမရှိသောကြောင့် ကန့်ကွက်မှုများလည်း ဆူညံနေသည်။ NUG အား ကုလသမဂ္ဂအပါအဝင် နိုင်ငံများက အသိအမှတ်ပြုမှုမရှိသော်လည်း SAC အား တရားဝင်အစိုးရဖြစ်ရေးနှင့် ပတ်သက်သည့် နိုင်ငံတကာအဆင့် ဖိတ်ခေါ်တွေ့ဆုံမှုများကိုမူ ကုလသမဂ္ဂနှင့် နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများ စုစုပေါင်း ၆၀ ကျော်က ကူညီပေးနေသည်ဟု Justice For Myanmar ကလလည်း ထုတ်ပြန်အသိပေးထားသည်။