◾️ အတိုက်အခံနိုင်ငံရေးခေါင်းဆောင် ကမ်ဆိုခါကို တရားစွဲအပြစ်ပေးမှု အမေရိကန် သောကရောက်နေရ
၃. ၃. ၂၀၂၃
Translated by Htwe Ko Tun
ကမ္ဘောဒီးယားနိုင်ငံ ထိပ်တန်း အတိုက်အခံခေါင်းဆောင် ကမ်ဆိုခါအား နိုင်ငံတော်သစ္စာဖောက်မှုဖြင့် မတ်လ ၃ ရက်တွင် ဖနွမ်းပင်မြို့ တရားရုံးတစ်ရုံးက ထောင်ဒဏ် ၂၇ နှစ် အပြစ်ပေးခဲ့ရာ မှားယွင်းသောတရားစီရင်မှုအဖြစ် ဝေဖန်ပြောကြားမှုများ ထွက်ပေါ်လာကြကြောင်း တွေ့ရသည်။ ကမ်ဆိုခါသည် ဝန်ကြီးချုပ်ဟွန်ဆန်၏ အစိုးရကိုဖြုတ်ချရန်အတွက် လျှို့ဝှက်အကြံအစည်တစ်ရပ်ကို နိုင်ငံခြားသားများနှင့်ပူးပေါင်း၍ တိတ်တဆိတ်ကြံစည်ခဲ့မှုဖြင့်စွပ်စွဲကာ ၂၀၁၇ ခုနှစ်တွင် လုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီးခဲ့ကြခြင်းလည်း ဖြစ်သည်။
ယခုအခါ ဖျက်သိမ်းခြင်းခံခဲ့ရပြီးဖြစ်သော ကမ္ဘောဒီးယား အမျိုးသားကယ်ဆယ်ရေးပါတီ(CNRP) ကို ပူးတွဲတည်ထောင်ခဲ့သူလည်းဖြစ်သည့် အသက် ၆၉ နှစ်ရှိ ကမ်ဆိုခါမှာ ဝန်ကြီးချုပ်ဟွန်ဆန်၏ ထင်ရှားသောပြိုင်ဘက်တစ်ဦးအဖြစ်လည်း နှစ်ကြာရှည်စွာတည်ရှိခဲ့သည်။ ဖမ်းဆီးခံရပြီးနောက်ပိုင်း ရုံးတင်တရားစွဲခံခဲ့ရသော ကမ်ဆိုခါက ၎င်းအပေါ်စွဲချက်များကို မဟုတ်မှန်ကြောင်းငြင်းဆိုခဲ့ပြီး လူ့အခွင့်အရေးအဖွဲ့များက ဇူလိုင်လတွင် ကျင်းပမည့် ရွေးကောက်ပွဲများမတိုင်မီ ကမ်ဆိုခါအား နိုင်ငံရေးနယ်ပယ်မှ တားဆီးပိတ်ပင်ထားရန်ဆောင်ရွက်မှုဟု ပြောခဲ့ကြသည်။
ဖနွမ်းပင်တရားရုံးက မတ်လ ၃ ရက်တွင် စီရင်ချက်ချပြီးလျှင်ပြီးချင်း ကမ်ဆိုခါကို နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းလိုက်ကာ တရားရုံး၏ ခွင့်ပြုချက်မပါဘဲနှင့် နိုင်ငံခြားသားများနှင့် မိသားစုဝင်မဟုတ်သူတစ်စုံတစ်ဦးနှင့်မျှ တွေ့ဆုံခြင်းမပြုရဟု အမိန့်ချခဲ့သည်။ စီရင်ချက်ချမည့် တရားရုံးသို့တက်ရောက်လာသော ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် W. Patrick Murphy က စီရင်ချက်ချအပြီးတွင် မှားယွင်းသောတရားစီရင်မှုအဖြစ် ဝေဖန်ပြောကြားကာ အမေရိကန်ပြည်ထောင်စုအနေဖြင့် လေးစားရပါသော အတိုက်အခံနိုင်ငံရေးခေါင်းဆောင် ကမ်ဆိုခါကို ဤသို့တရားစွဲအပြစ်ပေးမှုအတွက် များစွာသောကရောက်ရပါကြောင်းလည်း သတင်းထောက်များကို ပြောခဲ့သည်။
၂၀၂၂ ခုနှစ်အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် ဖနွမ်းပင်မြိုသိုလာရောက်စဉ် ကမ်ဆိုခါနှင့်လည်း တွေ့ဆုံခဲ့သည်။ ၎င်းက ဟွန်ဆန်နှင့်တွေ့ဆုံစဉ်တွင်လည်း ကမ္ဘောဒီးယားနိုင်ငံ၏ ဒီမိုကရေစီစနစ်နှင့် ပတ်သက်၍ ၎င်းကစိုးရိမ်ပူပန်မိကြောင်း ပြောခဲ့သည်။
Ref—-AFP