၃. ၃. ၂၀၂၃
Written by Pan Ei
ပုံမှန်အားဖြင့် ရေခဲမုန့်ဆိုင်တွေက စတော်ဘယ်ရီ၊ ချောကလက်၊ ဗဲနီလာ၊ ပိန်းဥ စတဲ့ အရသာတွေနဲ့ ရေခဲမုန့်တွေကို ရောင်းချလျှက်ရှိကြပေမဲ့ ဂျာမနီနိုင်ငံက ရေခဲမုန့်ဆိုင်တစ်ခုမှာတော့ ပုရစ်အရသာ ရေခဲမုန့်ကို ရောင်းချနေပြီဖြစ်တယ်လို့ ဂျာမန်သတင်းဌာန ဒီပီအေ က ကြာသပတေးနေ့ (မတ်လ ၂ရက်) က ဖော်ပြခဲ့ပါတယ်။
ဂျာမနီနိုင်ငံတောင်ပိုင်းက သောမတ်စ် မီကိုလီနို ရဲ့ ရေခဲမုန့်ဆိုင်မှာ ပုရစ်အရသာရေခဲမုန့်ကို အပေါ်မှာ အညိုရောင်ပုရစ်တင်ကာ အလှဆင်ထားပြီး ထပ်တိုးမီနူးအနေနဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။
ပုရစ်အရသာနဲ့ ရေခဲမုန့်ကို အခုလိုထုတ်လုပ်နိုင်ရတာက အစားအသောက်တွေမှာ အင်းဆက်တွေကို အသုံးပြုနိုင်ကာ ဖြည့်စွက်အစာအနေနဲ့ ခွင့်ပြုထားတဲ့ ဥရောပသမဂ္ဂရဲ့ စည်းမျဉ်းတစ်ခုကြောင့်ဖြစ်ပြီး မီကိုလီနို က ပုရစ်အရသာရေခဲမုန့်ကို ပုရစ်ကိုအခြောက်ခံပြီး ကြိတ်ထားတဲ့အမှုန့်၊ ခရင်မ်၊ ဗဲနီလာ၊ ပျားရည်တို့နဲ့ ပြုလုပ်ထားတာဖြစ်တယ်လို့ ပြောပါတယ်။
အခုလို ပုရစ်အရသာ ရေခဲမုန့်တင်မကဘဲ အရင်တုန်းကလည်း အသည်းဝက်အူချောင်းနဲ့ ဂေါ်ဂွန်ဇိုလာချိစ် ရေခဲမုန့်အပြင် ရွှေချထားတဲ့ ရေခဲမုန့်ကို တစ်ဘူးကို ၄ ယူရို (ဒေါ်လာ ၄ ဒသမ ၂၅) နဲ့ ရောင်းချခဲ့ဖူးတဲ့ မီကိုလီနို က “ကျွန်တော်က အရမ်းစူးစမ်းပြီး သိချင်တတ်တဲ့သူတစ်ယောက်ဖြစ်ပြီး အရာအားလုံးကို စမ်းကြည့်ချင်တယ်” လို့ ပြောခဲ့ပါတယ်။
ပုရစ်ရေခဲမုန့်ကို လူအချို့က မကြိုက်ကြကာ စိတ်ပျက်သွားကြပေမဲ့ အချို့ဖောက်သည်အများစုကတော့ အရသာအသစ်ကို နှစ်သက်ကြတယ်လို့ သိရပြီး နေ့တိုင်းလာဝယ်စားတဲ့ ဖောက်သည်တွေလည်း ရှိတယ်လို့ သိရပါတယ်။
Ref; AP News