၃. ၃.၂၀၂၃
Written By Thandar
ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဒါရိုက်တာ ကျော်သူရဲ့ ဖခင် အမျိုးသားရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင် ဒါရိုက်တာ ဦးစိန်တင် အသက် ၈၉နှစ် (မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးနာယက) ဟာ ဒီနေ့ မနက် ၄ နာရီ ၁၀ မိနစ်က လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက MT News ကို ပြောပါတယ်။
“ဦးစိန်တင်က အသက်လေးရလာတော့ လူကြီးရောဂါနဲ့ ဆုံးသွားတာပါ။ အရင်တုန်းက အမျိုးသားရုပ်ရှင်ကနေ ဇာတ်ကားကောင်းတွေ အများကြီးလည်း ထွက်ခဲ့တဲ့သူပါ။ တကယ့်ကို ရုပ်ရှင်လောက ပညာရှင်တစ်ယောက်ဆုံးသွားတော့ စိတ်မကောင်းတော်တော်ကို ဖြစ်ရပါတယ်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့စဉ်ကလည်း သူ့ရဲ့လက်ထက်မှာလည်း တိုးတက်မှုတွေအများကြီးပါ။ အစည်းအရုံးမှာရှိတဲ့ သင်တန်းကျောင်း၊ ဗီဒီယိုခန်းမနဲ့ စိန်ရတုသဘင်ခန်းမကိုလည်း သူ့ဆောက်လုပ်ခဲ့တာပါ ”လို့ ဦးအေးကြူလေးက ပြောပါတယ်။
အကယ်ဒမီ ကျော်သူနဲ့ မြင့်မြင့်ခင်ဖေ(ခ)ရွှေဇီးကွက်တို့ရဲ့ ဖခင် ဦးစိန်တင်(အမျိုးသားရုပ်ရှင်)ဟာ မတ်လ ၃ ရက်နေ့ နံနက် ၄ နာရီ ၁၀ မိနစ်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ၇ မိုင်ခွဲရှိ နေအိမ်မှာ ကွယ်လွန်ခဲ့တာလည်း ဖြစ်ပါတယ်။
ဦးစိန်တင်ရဲ့ အမျိုးသားရုပ်ရှင်ထုတ်လုပ်ရေးဟာဆိုရင် ရုပ်ရှင်ကားပေါင်းများစွာကို ထုတ်လုပ်ခဲ့ပြီးတော့ ကျော်သူနဲ့ စိုးသူတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “ဒိုး” ရုပ်ရှင်ဇာတ်ကားလိုမျိုး နာမည်ကြီး ရုပ်ရှင်တွေကို ထုတ်လုပ်ဖန်တီးခဲ့သူ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ အဖြစ် ဦးစိန်တင်ဟာ ၁၉၉၃ -၂၀၀၅ အထိ လုပ်ဆောင်ခဲ့ပြီး စာသင်ခန်းမသင်တန်းကျောင်း၊ ဗီဒီယိုခန်းမနဲ့ စိန်ရတု သဘင်ခန်းမတွေကို တည်ဆောက်ခဲ့သူလည်း ဖြစ်ပါတယ်။
အဆိုပါ ဦးစိန်တင်နာရေးကို မတ်လ ၅ရက် နံနက် ၉ နာရီမှာ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ၇ မိုင်ခွဲ ရတနာလမ်းနေအိမ်ကနေ ရန်ကုန်မြို့ ရေဝေးသုသာန်မှာ ဂူသွင်းသင်္ဂြိုလ်မှာ ဖြစ်ပါတယ်။ ရုပ်ရှင်လောကသားတွေ အားလုံးကလည်း ဘဘဦးစိန်တင်ကွယ်လွန်မူကို ဝမ်းနည်းကြောင်း လူမူကွန်ယက်တွေမှာ ဖော်ပြထားကြပါတယ်။
“မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ရာမှာ အတူတူတွဲပြီးဆောင်ရွက်ခဲ့ရတဲ့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ကျော်သူ၏ ဖခင် အစည်းအရုံးဥက္ကဋ္ဌကြီး (ငြိမ်း)ဦးစိန်တင် ကွယ်လွန်သွားသည့် အတွက် အထူးဝမ်းနည်းကြေကွဲရပါတယ်။ ဘကြီးဦးစိန် ကောင်းရာသုကတိလား ပါစေကြောင်း ဆုမွန်ကောင်းတောင်းပါတယ်။ ရိုသေလေးစားစွာဖြင့်”လို့ အကယ်ဒမီ စင်ရော်မောင်မောင်က ရေးသားဖော်ပြထားပါတယ်။