၃. ၃. ၂၀၂၃.
Translated by Htwe Ko Tun
ဂရိနိုင်ငံ၏ အဆိုးဝါးဆုံးသော ရထားပို့ဆောင်ရေးမတော်တဆမှုတစ်ခုဖြစ်သည့် ဖေဖော်ဝါရီ ၂၈ ရက်ညက ကုန်ရထားတစ်စီးနှင့် ခရီးသည်တင်ရထားတစ်စီးတို့ ခေါင်းချင်းဆိုင်တိုက်မိခဲ့မှုတွင် သေဆုံးသူဦးရေ ၅၇ ဦးထိ မြင့်တက်လာသကဲ့သို့ နိုင်ငံ၏ ရထားပို့ဆောင်ရေးစနစ်လုံခြုံစိတ်ချရမှုမရှိခြင်းအပေါ် ပြည်သူများ၏ မကျေမနပ်ဒေါသဖြစ်ဆန္ဒပြမှုများ မြင့်တက်လာခဲ့သည်။
မတ်လ ၂ ရက်ညအထိ သတင်းများအရ ရထားတိုက်မိမှုကြောင့် ဒဏ်ရာရရှိသူများအနက် ၄၈ ဦးမှာ ဆေးရုံတွင် ဆေးကုသမှုခံယူနေရဆဲဖြစ်ပြီး ခြောက်ဦးမှာ ဦးခေါင်းထိခိုက်မှုနှင့် မီးလောင်ဒဏ်ရာများကြောင့် စိုးရိမ်ရသောအခြေအနေတွင် ရှိနေကြောင်းလည်း သိရသည်။
ရထားတိုက်မိမှုကြောင့် သေဆုံးမှုများမြင့်တက်လာသည်နှင့်အမျှ ဂရိနိုင်ငံ၏ ရထားပို့ဆောင်ရေးစနစ်တွင် လုံခြုံစိတ်ချရမှုမရှိခြင်းကို ဆန္ဒပြမှုများက ရထားတိုက်မိမှုဖြစ်ပွားသည့် ဖေဖော်ဝါရီလ ၂၈ ရက်ညမှပင် စတင်ဖြစ်ပွားခဲ့သည်။ မတ်လ ၁ ရက်တွင်မူ နိုင်ငံ၏မြို့တော် အေသင်တွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့အကြား အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ခဲ့ရသည်။ ရထားအလုပ်သမားများသမဂ္ဂကလည်း အစိုးရအနေဖြင့် ရထားပို့ဆောင်ရေးကဏ္ဍအပေါ် လေးစားဂရုထားမှု မရှိဟု စွပ်စွဲကာ ဆန္ဒပြမှုတွင် ပါဝင်လာခဲ့သည်။
မတ်လ ၂ ရက် ညနေပိုင်းတွင်လည်း အေသင်မြို့ရှိ ဟယ်လင်းနစ်ရထားပို့ဆောင်ရေးရုံးချုပ်အပြင်ဘက်တွင် ကျောင်းသားများနှင့် အလုပ်သမားသမဂ္ဂများ ဦးစီးသော ဆန္ဒပြပွဲတစ်ရပ်ကို ထပ်မံကျင်းပခဲ့ကြသေးသည်။ သို့သော် ထိုနေ့ဆန္ဒပြမှုကမူ ငြိမ်းချမ်းစွာပြီးဆုံးသွားခဲ့သည်။
ဥရောပသမဂ္ဂ ရထားပို့ဆောင်ရေးအေဂျင်စီမှ ၂၀၂၂ ခုနှစ်တွင် အစီရင်ခံချက်အရ ဂရိနိုင်ငံက ဥရောပတိုက်တွင် အခြားသောနိုင်ငံများထက် ရထားပို့ဆောင်ရေး၌ ခရီးသည်များအတွက် လုံခြုံစိတ်ချရမှု နိမ့်ကျကြောင်း သိရသည်။ ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ဥရောပနိုင်ငံ ၂၈ နိုင်ငံအနက် ဂရိနိုင်ငံက ရထားပို့ဆောင်ရေးတွင် ခရီးသည်များထိခိုက်သေဆုံးရမှု အများဆုံးနိုင်ငံလည်းဖြစ်ကြောင်း သိရသည်။
Ref—-CNN