၃. ၃. ၂၀၂၃
Written by Tha Doe
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၌ ရုံးထုတ်အချုပ်တရားခံများအား ရမည်းသင်းအကျဉ်းထောင်သို့ ပြန်လည်ပို့ဆောင်စဉ် အချုပ်တရားခံများက လခရတပ်ဖွဲ့ဝင်၏ သေနတ်အား လုယူပစ်ခတ်ခဲ့၍ ရဲတပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာရရှိပြီး အချုပ်တရားခံ ၉ ဦး ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ တရားခံ ၃ ဦး (သေဆုံး ၁ ဦး) ပြန်လည်ဖမ်းဆီးရမိပြီး ၆ ဦးမှာ ထွက်ပြေးလွတ်မြောက်နေကြောင်း သိရပြီး ထိုတရားခံများအား တွေ့ရှိပါက သတင်းပေးပို့ရန် ကြေညာထားကြောင်း သိရသည်။
“လက်ရှိအချိန်ထိတော့ တရားခံခြောက်ဦးက ထွက်ပြေးလွတ်မြောက်နေဆဲပါ။ ပြန်လည်ဖမ်းမိတာ မရှိသေးဘဲ လုံခြုံရေးပူးပေါင်းအဖွဲ့က ဆက်လက်ရှာဖွေနေပါတယ်” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက MT News သို့ ယနေ့နံနက်တွင် ပြောသည်။
ဖြစ်စဥ်မှာ မတ်လ ၁ ရက် ညနေ ၄ နာရီ ၃၅ မိနစ်အချိန်တွင် ပျဉ်းမနားခရိုင်တရားရုံး၊ ပုဗ္ဗသီရိခရိုင်တရားရုံးနှင့် ဇေယျာသီရိခရိုင် တရားရုံးတို့မှ ရုံးထုတ်တရားခံ ၂၀ (ကျား ၁၈၊ မ ၂) အား ရုံးထုတ်စစ်ဆေးခဲ့ပြီး အဆိုပါ အချုပ်တရားခံများအား မမစ(ရွှေတွင်းကုန်း)မှ ရမည်းသင်းအကျဉ်းထောင်သို့ ယာဉ်မောင်း ရဲတပ်သား ဖြိုးဝေအောင် မောင်းနှင်သည့် 2H/၅၇၆၄ အချုပ်ယာဉ်ဖြင့် ပြန်လည်ပို့ဆောင်စဉ် ဥတ္တရသီရိခရိုင် တပ်ကုန်းမြို့နယ် မိုင်တိုင်(၂၄၆/၃-၄)ကြား အရောက်၌ အချုပ်ယာဉ်နောက်ခန်း၌ လိုက်ပါလာသည့် တရားခံ နေဇော်(ခ)မာမွတ်၊ ဖြိုးဝေမိုး(ခ) ကိုဖြိုး၊ ငြိမ်းချမ်းသော်(ခ)မုန့်လုံးကြီးနှင့် အောင်မိုးခန့်(ခ)ဝတုတ် တို့ ၄ ဦးက အချုပ်ယာဉ်၏ အတွင်းတံခါးအား တွန်းဖွင့်ပြီး လုံခြုံရေးတာဝန်ကျရဲတပ်ဖွဲ့ဝင်များအား ဝိုင်းဝန်းထိုးကြိတ်၍ အောင်မိုးခန့်(ခ) ဝတုတ်က လက်ကိုင်ဖုန်းအားလည်းကောင်း၊ ကျော်သီဟလင်းက ရဲတသ ငြိမ်းချမ်းသူ၏ MA 13 သေနတ်အားလည်းကောင်း လုယူ၍ လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၃ ဦးအား ချုပ်နှောင်ကာ ရဲတသ ငြိမ်းချမ်းသူထံမှ လုယူထားသည့် လက်ကိုင်ဖုန်းဖြင့် ယာဉ်ရှေ့ခန်းရှိ ဒုရဲအုပ် ဝေလင်းဖြိုးထံ ဖုန်းဖြင့်ဆက်သွယ်ပြီး ယာဉ်အားလမ်းဘေးတွင် ရပ်တန့်ခိုင်းခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ယာဉ်အား ရပ်တန့်၍ ဒုရဲအုပ် ဝေလင်းဖြိုး၊ ဒုရဲအုပ် ကျော်မင်းနိုင်နှင့် ယာဉ်မောင်း ရဲတပ်သား ဖြိုးဝေအောင် တို့မှ အချုပ်ယာဉ်နောက်ခန်းတံခါးအား ဖွင့်ပေးစဉ် အတွင်းမှ ကျော်သီဟလင်း က သေနတ်ဖြင့် ၄ ချက် ပစ်ခတ်ခဲ့ရာ ရဲတပ်သား ဖြိုးဝေအောင်တွင် ဝဲရင်အုံ ကျည်ဖောက်ဝင်/ ထွက်ဒဏ်ရာ ၁ ချက်၊ ယာလက်မောင်းကျည်ရှပ်ထိဒဏ်ရာ ၁ ချက်(စိုးရိမ်ရ) ရရှိပြီး ယာဉ်ပေါ်မှ တရားခံများ ပြေးဆင်းလာစဉ် ဒုရဲအုပ် ကျော်မင်းနိုင်မှ လုံးထွေးဖမ်းဆီးရာ MA 13 သေနတ်အား ပြန်လည်ရရှိခဲ့ပြီး အချုပ်တရားခံ ၉ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။
ယင်းနေ့ ညနေ ၅ နာရီ ၄၅ မိနစ်တွင် ဦးစီးပူးပေါင်းအဖွဲ့က ထွက်ပြေးလွတ်မြောက်သွားသည့် တရားခံများအား လိုက်လံဖမ်းဆီးရာ တပ်ကုန်းမြို့နယ် သဲဖြူကျေးရွာနှင့် ရွှေစုကျေးရွာကြား ပြောင်းခင်းအရောက်၌ ရာဇသတ်ကြီးပုဒ်မ ၃၇၉ အမှုမှ တရားခံထောင်ဝင်အမှတ် ၂၃/၀၀၂၄၀/က ဇင်ကိုလတ်(ခ)ငလတ် (၁၉) နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ဈ) အမှုမှတရားခံ ထောင်ဝင်အမှတ် ၂၂/၀၁၆၇၄/က ပြည့်ဖြိုး(ခ)ကိုဖြိုးတို့ ၂ ဦးအား လုံးထွေး ဖမ်းဆီးရမိခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၃၉၂ တရားခံ ထောင်ဝင်အမှတ် ၂၁/၀၀၄၄၈/က ဖြိုးဝေမိုး(ခ) ကိုဖြိုး(၁၉)နှစ်အား လခရအဖွဲ့မှ လက်နက်ငယ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ ဝဲရင်အုံ ဖောက်ဝင်/ထွက်ဒဏ်ရာ ၁ ချက်ဖြင့် အသေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထိုဖြစ်စဥ်တွင် ဒဏ်ရာရရဲတပ်ဖွဲ့ဝင်အား အဆိုပါအချုပ်ယာဉ်ဖြင့် ဆရက(၂/၁၀၀၀)သို့ ပို့ဆောင်ခဲ့ပြီး လုံခြုံရေးပူးပေါင်းအဖွဲ့သည် ပြန်လည်ဖမ်းဆီးရမိတရားခံ ဇင်ကိုလတ်(ခ)ငလတ်နှင့် ပြည့်ဖြိုး(ခ)ကိုဖြိုးတို့ ၂ ဦးနှင့် ထွက်ပြေးလွတ်မြောက်မှု မရှိသည့် အချုပ်တရားခံ ၁၁ ဦး(ကျား ၉၊ မ ၂)တို့အား မမစ(တပ်ကုန်း)တွင် ခေတ္တချုပ်နှောင်ထားရှိပြီး အသေဖမ်းဆီးရမိ တရားခံအလောင်း ၁ လောင်းအား တပ်ကုန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
လုံခြုံရေးပူးပေါင်းအဖွဲ့သည် ထွက်ပြေးလွတ်မြောက်လျက်ရှိသည့် တရားခံ ၆ ဦး ဖြစ်သည့် ရာဇသတ်ကြီးပုဒ်မ ၃၇၉ တရားခံ ထောင်ဝင်အမှတ် ၂၃/၀၀၂၃၈/က အောင်ကိုဦး(ခ) ကိုဦး(၂၉)နှစ် နှင့် ထောင်ဝင်အမှတ် ၂၂/၀၀၀၁၆/က နေဇော်(ခ)မာမွတ် ရာဇသတ်ကြီးပုဒ်မ ၃၀၇ တရားခံ ထောင်ဝင်အမှတ် ၂၂/၀၀၀၀၆/က ချမ်းငြိမ်းသော်(ခ)မုန့်လုံးကြီး၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂/ ၃၂၆ တရားခံ ထောင်ဝင်အမှတ် ၂၁/၀၁၀၉၉/က ကျော်လင်းအောင်(ခ)ကျော်ကြီး(၂၄)နှစ်၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ အမှုမှ တရားခံ ထောင်ဝင်အမှတ် ၂၁/၀၀၇၁၁/က ကျော်သီဟလင်း(၂၄)နှစ် နှင့် ထောင်ဝင်အမှတ် ၂၁/၀၁၀၆၀/က အောင်မိုးခန့်(ခ) ဝတုတ်(၁၉)နှစ် တို့အား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ဇင်ကိုလတ်(ခ)ငလတ် ပါ ၉ ဦး(၂ မိ၊ ၁ သေ၊ ၆ မမိ)အား မမစ(တပ်ကုန်း) (ပ)၂၂/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇/ ၃၃၃/၃၃၂/၃၄/၂၂၄ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းနှင့် တွေ့ရှိပါက သတင်းပေးပို့ရန် အသိပေးထားကြောင်း သိရသည်။