၂. ၃. ၂၀၂၃
Written by Pan Ei
အများအားဖြင့် အမြွှာတွေဟာ ပုံပန်းသွင်ပြင် တူလေ့ရှိကြပေမဲ့ ဂျပန်နိုင်ငံ၊ အိုကာယာမာမှာ နေထိုင်တဲ့ ယိုရှီ နဲ့ မီချီ ကီကူချီ တို့ အမြွှာညီအစ်မနှစ်ယောက်ကတော့ အရပ်အမြင့် ၇၅ စင်တီမီတာ (၂ပေ နဲ့ ၅ ဒသမ ၅ လက်မ) ကွာခြားတာကြောင့် ကြီးမားတဲ့အရပ်အမောင်းကွာခြားတဲ့ အမြွှာညီအစ်မအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခဲ့ပါတယ်။
ယိုရှီနဲ့ မီချီ ကီကူချီ တို့ အမြွှာညီအစ်မနှစ်ယောက်ကို ၁၉၈၉ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာ မွေးဖွားခဲ့ပြီး ယိုရှီရဲ့ အရပ်က ၁၆၂ ဒသမ ၅ စင်တီမီတာ (၅ပေ ၄ လက်မ) ဖြစ်ပေမယ့် မီချီ ကတော့ ၈၇ ဒသမ ၅ စင်တီမီတာ (၂ပေနဲ့ ၁၀ ဒသမ ၅ လက်မ) ပဲ ရှိကာ အရပ်အမြင့်က ၇၅ စင်တီမီတာ ကွာပါတယ်။
မီချီမှာ ကြီးထွားခြင်းကနေ ရန့်တန့်စေနိုင်တဲ့ ဒစ်စပလပ်ဆီယာလို့ ခေါ်တဲ့ ရှားပါးမွေးရာပါ အရိုးရောဂါ ရှိနေတာဖြစ်ပြီး ငယ်စဉ်က သူမရဲ့ အသွင်အပြင်နဲ့ ပတ်သက်ပြီး စိတ်မလုံခြုံမှု ခံစားခဲ့ရတယ်လို့လည်း ဆိုပါတယ်။
မီချီတို့ အမြွှာညီအစ်မဟာ တခါတရံမှာ အချင်းချင်း ရန်ဖြစ်တတ်ပေမဲ့ လိုအပ်တဲ့အခါ တစ်ဦးကိုယ်တစ်ဦး ခုခံကာကွယ်ပေးပြီး ကူညီတတ်ကြတယ်လို့လည်း ဆိုပါတယ်။
အခုအခါမှာ မီချီ က သူမရဲ့မိဘတွေနဲ့အတူ နေထိုင်နေပြီး ယိုရှီကတော့ မိသားစုအိမ်ကနေ ပြောင်းရွှေ့နေထိုင်ခဲ့ကာ မိခင်တစ်ဦးဖြစ်လာခဲ့ပေမဲ့ သူမက မိဘတွေနဲ့ ညီမဖြစ်သူတို့နဲ့အတူ အချိန်များစွာ ကုန်ဆုံးလေ့ရှိတယ်လို့လည်း သိရပါတယ်။
Ref; NDTV