၂. ၃. ၂၀၂၃
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ကန်ချနာပူရီပြည်နယ်၏ မောင်းခရိုင်အတွင်း မတ်လ ၂ ရက် နံနက်အစောပိုင်းက အရှိန်လွန်မောင်းနှင်လာသော SUV ကားတစ်စီးမှာ ဘီးတာယာများပေါက်ကွဲကာ မှောက်ခဲ့ပြီး ကားပေါ်ပါ မြန်မာနိုင်ငံသားတရားမဝင်ရွှေ့ပြောင်းနေထိုင်သူနှစ်ဦးသေဆုံး၍ အခြားရှစ်ဦးဒဏ်ရာများရခဲ့ကြောင်း သိရသည်။ ယာဉ်တိမ်းမှောက်မှုဖြစ်အပြီး ယာဉ်မောင်းနှင့် အခြားဆယ်ဦးတို့က ထွက်ပြေးသွားခဲ့ကြကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။
အဆိုပါယာဉ်တိမ်းမှောက်မှုက ဝန်ဒုန်ခရိုင်ခွဲအတွင်း ဆိုင်းယုတ်-ကန်ချနာပူရီ အဝေးပြေးလမ်းမ ၃၂၃ ပေါ်တွင် မတ်လ ၂ ရက် နံနက် ၄ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေး ဒုတိယအကြီးအကဲ ရဲအရာရှိ ခရစ် ဆစ်သီဆွန်က ပြောခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးအဖွဲ့များ အချင်းဖြစ်ပွားရာသို့ ရောက်ရှိသွားကြချိန်တွင် လမ်းဘေးတွင်ထိခိုက်ပျက်စီးနေသော နာခွန်ဆာဝန်ပြည်နယ်ကားလိုင်စင်ပြားများတပ်ထားသည့် မစ်ဆူဘီရှီ Strada G-Wagon SUV ကားတစ်စီးကို ၎င်းတို့ တွေ့ခဲ့ကြရသည်။
ကား၏ ရှေ့ဘီးတစ်လုံးနှင့်နောက်ဘီးတစ်လုံးတို့မှာ ကွဲထွက်နေပြီး ကားပြတင်းမှန်များမှာလည်း ကွဲထွက်နေကာ ကား၏အပျက်အစီးများကြားတွင် သေဆုံးနေသော အမျိုးသမီးတစ်ဦး၏ ခန္ဓာကိုယ်က ပိတ်မိနေသည်ကိုလည်း တွေ့ကြရသည်။ အမျိုးသားသုံးဦးနှင့် အမျိုးသမီးခြောက်ဦးတို့ကိုမူ လမ်းဘေးတွင် ဦးခေါင်း၌ ဒဏ်ရာများရရှိထားသည်ကို တွေ့ခဲ့ကြရာ ၎င်းတို့ကို အနီးရှိ ဆေးရုံတစ်ရုံသို့ ပို့ပေးခဲ့သော်လည်း လူငယ်ယောင်္ကျားလေးတစ်ဦးမှ ာနောက်ပိုင်းတွင် ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။ ၎င်းတို့အားလုံးမှာ မြန်မာနိုင်ငံသား တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောခဲ့သည်။
မျက်မြင်တွေ့ရသူတစ်ဦးက ကျယ်လောင်လှသောပေါက်ကွဲသံတစ်ခုကဲ့သို့ အသံကြီးကို ကြားလိုက်ရပြီးနောက် SUV ကားမှာ လမ်းဘေးသို့ရောက်သွားသည်အထိ အကြိမ်ကြိမ် ပက်လက်လန်ကာ လိမ့်သွားခဲ့ကြောင်း ပြောခဲ့သည်။ ထို့နောက် ယာဉ်မောင်းနှင့် ခရီးသည် ၁၀ ဦးက တိမ်းမှောက်နေသော ကားအတွင်းမှထွက်လာကာ တောထူထပ်သောနေရာသို့ ထွက်ပြေးသွားခဲ့ကြကြောင်းလည်း ၎င်းကပြောခဲ့သည်။
ရဲအဖွဲ့၏ စစ်ဆေးချက်အရ SUV ကားကို အရှိန်မြှင့်၍မောင်းနှင်လာစဉ် လမ်းလယ်ရှိ ကြီးမားသောကျောက်တုံးကြီးတစ်ခုကိုတိုက်မိကာ ကား၏ တာယာများကွဲ၍ ဤသို့တိမ်းမှောက်ခဲ့ခြင်းဟု သိရသည်။ ရဲတပ်ဖွဲ့က ပိုမိုတိကျသော အကြောင်းရင်းကို သိနိုင်ရန်နှင့် ထွက်ပြေးသွားသော ယာဉ်မောင်းနှင့်ခရီးသည်များနောက်သို့ ခြေရာခံမိစေရန် လိုက်လံ စုံစမ်းနေကြောင်းလည်း သိရသည်။
Ref—-Bangkok Post