၂. ၃. ၂၀၂၃
Written by Pan Ei
မလေးရှားနိုင်ငံတွင် အရှေ့မြောက်မုတ်သုံလေမှ သယ်ဆောင်လာသော မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဂျိုဟော၊ ပါဟန်၊ နီဂျရီ ဆမ်ဘီလန် နှင့် မယ်လာကာ ပြည်နယ်များမှ လူပေါင်း ၂၇,၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး မိုးမှာဆက်လက်ရွာသွန်းနိုင်ဖွယ် ရှိနေကြောင်း သိရသည်။
အမျိုးသားသတင်းဌာန ဘာနာမာ၏ အဆိုအရ ဂျိုဟောပြည်နယ်တွင် ကယ်ဆယ်ရေးစခန်းများ၌ ဗုဒ္ဓဟူးနေ့ (မတ်လ ၁ရက်) ညတွင် လူ ၉,၁၆၂ ဦးသာ ရှိခဲ့သော်လည်း ယနေ့ (မတ်လ ၂ရက်) တွင် လူပေါင်း ၂၅,၀၀၀ ကျော်အထိ တိုးမြင့်ခဲ့ပြီး မိုးရွာသွန်းမှုကြောင့် အဆိုရွားဆုံးထိခိုက်ရသည့် ပြည်နယ်တစ်ခု ဖြစ်သည်။
ဂျိုဟောပြည်နယ်ရှိ ခရိုင် ၁၀ ခုလုံးသည် ရေလွှမ်းမိုးမှုဒဏ်ခံခဲ့ရပြီး လူပေါင်း ၂၅,၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကာ နာရီ ၂၀ အတွင်း ရေဘေးသင့်သူ ၅,၆၇၉ ဦးထက် လေးဆတိုးလာခဲ့ကြောင်း The Star က သတင်းထုတ်ပြန်ခဲ့သည်။
” ရေဘေးသင့်သူတွေဆီ တဲတွေ ပို့ပေးဖို့နဲ့ အသင့်စား အစားအသောက်တွေ ပို့ပေးဖို့အတွက် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အေဂျင်စီတွေကို စီမံခန့်ခွဲပေးဖို့ တောင်းဆိုထားပါတယ်” ဟု ဂျိုဟောပြည်နယ် ဝန်ကြီးချုပ် အွန်ဟာဖစ်ဂါဇီက ပြောကြားခဲ့သည်။
ပါဟန်ပြည်နယ်၏ ခရိုင်ငါးခုရှိ ဒုက္ခသည် အရေအတွက်သည် ယနေ့တွင် လူ ၃၇၄ ဦးမှ ၁,၃၇၅ ဦးအထိ မြင့်တက်လာပြီး နီဂျရီ ဆမ်ဘီလန်ပြည်နယ်တွင် လူ ၇၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကာ မယ်လာကာပြည်နယ်တွင် ဘေးလွတ်ရာ ရွှေ့ပြောင်းသူဦးရေမှာ ၆၇ ဦးအထိ မြင့်တက်လာခဲ့သည်။
လွန်ခဲ့သည့် သုံးလခန့်က ဂျိုဟောပြည်နယ် အပါအဝင် မလေးရှားနိုင်ငံ၏ ပြည်နယ်အများအပြားတွင် ရေကြီးမှုဒဏ်ခံခဲ့ရပြီး ရေဘေးရှောင်သူ ၇၀,၀၀၀ ကျော်အထိရှိခဲ့ကာ နိုဝင်ဘာလမှ မတ်လအတွင်း မိုးသည်းထန်စွာရွာစေသည့် အရှေ့မြောက်မုတ်သုံလေကြောင့် မလေးရှားနိုင်ငံတွင် နှစ်စဉ် ရေကြီးရေလျှံမှုများ ဖြစ်လေ့ရှိသည်။
Ref; CNA