၂. ၃. ၂၀၂၃
Written by Pan Ei
အခုခေတ်မှာ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကို လူငယ်အသုံးပြုသူတွေက အလွန်အကျွံစွဲလမ်းမှုတွေရှိနေတာကြောင့် TikTok ဟာ အသက် ၁၈ နှစ်အောက် သုံးစွဲသူတွေကို နေ့စဉ် သုံးစွဲချိန် တစ်နာရီပြည့်ရင် အလိုအလျောက် ကန့်သတ်ချက်တွေပေါ်လာမဲ့ အစီအစဉ်သစ်ကို စတင်ထည့်သွင်းတော့မယ်လို့ ဗုဒ္ဓဟူးနေ့ (မတ်လ ၁ ရက်) မှာ ပြောကြားခဲ့ပါတယ်။
TikTok အသုံးပြုသူ ၁၈ နှစ်အောက် ဆယ်ကျော်သက်တွေဟာ သုံးစွဲချိန် တစ်နာရီပြည့်ရင် ဆက်လက်ကြည့်ရှုနိုင်ဖို့ လျှို့ဝှက်နံပါတ် ရိုက်ထည့်ရမှာဖြစ်ပြီး အသက် ၁၃ နှစ်အောက် သုံးစွဲသူလူငယ်တွေကတော့ သုံးစွဲချိန် မိနစ် ၃၀ ထပ်ရဖို့ လျှို့ဝှက်ကုဒ်ကို သတ်မှတ်ဖို့ ဒါမှမဟုတ် ဖြည့်သွင်းဖို့အတွက် မိဘ သို့မဟုတ် အုပ်ထိန်းသူ လိုအပ်မှာဖြစ်တယ်လို့ TikTok က ပြောကြားခဲ့ပါတယ်။
ဒီလိုမျိုး အစီအစဉ်သစ်တွေကို လာမဲ့ သီတင်းပတ်တွေကစပြီး အကောင်အထည် ဖော်သွားမှာဖြစ်တယ်လို့ TikTok က ပြောကြားခဲ့ပြီး မကြာသေးမီက လေ့လာချက်တစ်ခုအရ ၂၀၂၂ ခုနှစ်အတွင်း အရွယ်မရောက်သေးသူ လူငယ်တွေဟာ TikTok ကို တစ်ရက်ပျမ်းမျှ ၁ နာရီ ၄၇ မိနစ်ကြာ အသုံးပြုခဲ့ကြတယ်လို့ သိရပါတယ်။
TikTok ရဲ့ တရုတ်ဗားရှင်းဖြစ်တဲ့ Douyin ဟာ အသက် ၁၄ နှစ်အောက် လူငယ်တွေအတွက် နေ့စဉ် မိနစ် ၄၀ သာ အသုံးပြုဖို ့ကန့်သတ်ထားပြီး ည ၁၀ နာရီကနေ နံနက် ၆ နာရီကြားမှာ အသုံးပြုခွင့်ကို ပိတ်ပင်ထားတယ်လို့လည်း သိရပါတယ်။
အနောက်နိုင်ငံတွေမှာတော့ ဆိုက်ဘာလုံခြုံရေး စိုးရိမ်မှုတွေကြောင့် ဥရောပသမဂ္ဂအဖွဲ့အစည်းတွေက ဝန်ထမ်းတွေကို သူတို့ရဲ့ စက်ပစ္စည်းတွေမှာ TikTok ကို ဖယ်ရှားဖို့ အမိန့်ထုတ်ထားတာတွေရှိနေပြီး မကြာသေးမီက အမေရိကန်ပြည်ထောင်စုရဲ့ အိမ်ဖြူတော်ကလည်း အစိုးရပိုင် စက်ပစ္စည်းတွေမှာ TikTok ကို ဖယ်ရှားဖို့ ရက် ၃၀ အချိန်ပေးခဲ့ပြီး ကနေဒါနိုင်ငံကလည်း အလားတူအစီအစဉ်တွေကို အကောင်အထည်ဖော်ခဲ့ပါတယ်။
Ref; AFP