၂၅. ၂. ၂၀၂၃
Written by Min Mahar
ရဲမှူးဇနီး၏ အမဖြစ်သူနေအိမ်အား လူ ၈ ဦးမှ အနုကြမ်းဝင်စီးကာ အလည်ရောက်ရှိနေသည့် ရဲမှူးကိုပါ ပစ်သတ်သွားပြီး ငွေကျပ်သိန်း ၃၀၀၊ ရွှေ ၃ ကျပ်သားနှင့်အတူ လက်နက်ခဲယမ်းများပါ သတ်ဖြတ်လုယက်ယူဆောင်သွားမှု မန္တလေးမြို့တွင် ယနေ့ညဦးပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၅ ရက် ည ၇ နာရီခန့်ကမန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဋ) ရပ်ကွက်၊ ၄၄ လမ်းနှင့် ၁၃၆ လမ်း၊ ညောင်ပင်ကုန်းရွာတွင် နေထိုင်သော အသက် ၄၈ နှစ်အရွယ် အမျိုးသမီး (အမှတ်(၆) မီးရထားရဲ(မြစ်ငယ်)မှ ရဲမှူးဇနီး၏အမ)နေ အိမ်အား ဆိုင်ကယ် ၃ စီးဖြင့် အမည်မသိအမျိုးသား ၈ ဦးတို့မှ သေနတ်အတို ၁ လက်၊ ဓားများဖြင့် အိမ်အတွင်း ဝင်ရောက်ကာ အနုကြမ်းဝင်စီးနေစဥ်အတွင်း အသက် ၄၉ နှစ်အရွယ်ရဲမှူးနှင့် အသက် ၄၂ နှစ်အရွယ်ဇနီးဖြစ်သူတို့သည်လည်း အဆိုပါအိမ်တွင် အလည်ရောက်နေကာ ရဲမှူးတွင်ပါလာသောစကားပြောစက်မှ အသံများထွက်လာသောကြောင့် ၎င်းရဲမှူးအား သေနတ်(အတို)ဖြင့် ၂ ချက်ပစ်သတ်ကာ မြန်မာငွေရော ရာသိန်း ၃၀၀ ကျပ်၊ ၁ ကျပ်ခွဲသားဆွဲကြိုး ၁ ကုံး ၊ ၁ မတ်သားဆွဲသီး ၁ ခု၊ ၅ မူးသားလက်ကောက် ၂ ကွင်း ၊ ၁ မတ်သားမောင်းကွင်းလက်စွပ် ၁ ကွင်းစသည့် ရွှေထည်ပစ္စည်းတို့အား အိမ်အတွင်းဝင်ရောက် မွှေနှောက်ရှာဖွေပြီးယူဆောင်သွားသည့်အပြင် Webley ခြောက်လုံးပြူးပစ္စတို ၁ လက်၊ ကျည် ၁၈ တောင့်၊ စကားပြောစက် ၁ လုံးတို့ထည့်ထားသည့် ရဲမှူး၏ လွယ်အိတ်ကိုပါ ယူဆောင်သွားခဲ့ကြကြောင်း သိရသည်။
” မျက်နှာဖုံးဝတ်ထားတဲ့ လူ ၈ ယောက်က ဓားပြ ဝင်တိုက်ကြတာ။ အစကသူတို့လည်း ကျွန်မယောက်ျားကို ရဲမှန်းမသိသေးဘူး။ အိတ်ထဲကနေ စကားပြောစက်ထမြည်မှ ရဲမှန်းသိပြီး ခေါင်းကိုပစ်သတ်သွားတာပါ။ ပြီးတော့ ဗီရိုထဲက ပိုက်ဆံတွေနဲ့ ရွှေထည်တွေအပြင် ကျွန်မယောက်က်ျားလွယ်အိတ်ကိုပါ ယူသွားကြတယ်။ အိတ်ထဲမှာ သေနတ်နဲ့ ကျည်ဆံတွေလည်းပါတယ်။ ပိုက်ဆံ သိန်း ၃၀၀ နဲ့ ရွှေထည်ပစ္စည်း ၃ ကျပ်သားလောက်ပါသွားတယ်”ဟု ရဲမှူးအမျိုးသမီးမှ MT News သို့ ပြောသည်။
အဆိုပါ ပစ်သတ်ခံရသောရဲမှူးသည် ဦးခေါင်းငယ်ထိပ်ကို ကျည်ဖောက်ဝင်သည့် ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားသောကြောင့် ည ၈ နာရီက ဒေသခံလူမှုကူညီရေးအသင်းယာဥ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ရဲမှူး၏ ဇနီးနှင့် အမဖြစ်သူတို့ကိုမူ တစ်စုံတစ်ရာပြုလုပ်သွားခြင်းမရှိကြောင်းနှင့် အခင်းဖြစ်ရာအနီးမှလည်း Luger MRO 9mm ကျည်ခွံ တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။ လက်ရှိတွင် အခင်းဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်ကာ လိုက်လံစုံစမ်းမှုများလည်း ပြုလုပ်နေကြောင်း သိရသည်။
ယင်းရဲမှူးသည် ပြည်ကြီးတံခွန်မြို့နယ်ရှိ ယင်း၏ နေအိမ်မှ ရုံးတက်ရုံးဆင်းပြုလုပ်လျက်ရှိပြီး ၎င်းဇနီးဖြစ်သူနှင့် အခင်းဖြစ်ပွားရာအိမ်သို့ ၁ ပတ်လျှင်၂ ကြိမ်ခန့်အိမ်လည်လာလေ့ရှိကာ ယနေ့တွင်မူ အိမ်အလည်လာရောက်စဉ်အတွင်း ယခုကဲ့သို့ ပစ်သတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။