၂၅. ၂. ၂၀၂၃
Written by Peya
ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ရန်အောင်မှတ်တိုင်တွင် ကားစောင့်နေသူ အမျိုးသမီးငယ်၏ အိတ်ကို ဓားထောက်လုယူပြီးထွက်ပြေးစဉ် အမျိုးသမီးငယ်က အိတ်ကိုပြန်ဆွဲထားကာ ပတ်ဝန်းကျင်ကို အော်ဟစ် အကူအညီတောင်းသောကြောင့် လုယက်သူက ဓားဖြင့် ထိုးကာ ထွက်ပြေးသွားသည့် ဖြစ်စဉ်တစ်ခု ဖေဖော်ဝါရီ ၂၄ ရက်ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း ရှင်သန်ရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၄ ရက် ညပိုင်း ၈ နာရီ မိနစ် ၂၀ ခန့်အချိန်က ဒေါပုံမြို့နယ်ဘက်သို့ သွားရောက်သည့်ဘက်ခြမ်းတွင် ရှိသော ရန်အောင်မှတ်တိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ဓားဖြင့်အထိုးရသူ အမျိုးသမီးငယ်မှာ အသက် ၂၀ အရွယ်ခန့်ရှိသူဖြစ်ကြောင်း သိရသည်။ သူမနှင့်အတူ အသက် ၁၄ နှစ်အရွယ် မောင်ငယ်ဖြစ်သူပါ ပါဝင်ပြီး အဆိုပါ ကလေးငယ်မှာမူ ထိခိုက်မှုမရှိကြောင်း သိရသည်။
“ရန်အောင်မှတ်တိုင်ဘေးဆိုတော့ ကားစောင့်တာ ဖြစ်နိုင်တယ်။ သူ (ဓားဖြင့် အထိုးခံရသူ) ပြောတဲ့ သဘောကတော့ ဓားထောက်ပြီး ပိုက်ဆံအိတ်လုတယ်ပေါ့နော်။ ပြီးတော့ လုတဲ့သူက ပိုက်ဆံအိတ်ကို ယူပြီး ပြေးပါလိမ့်မယ်။ ပိုက်ဆံအိတ်ကို သူက ဆွဲထားတော့ ဓားနဲ့ ထိုးလိုက်တာပါ” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
လုယက်သူက အမျိုးသမီးငယ်အား ဓားဖြင့် ၂ ချက် ထိုးခဲ့ရာတွင် ပထမဓားချက်မှာ လက်မောင်းတွင် ထိခဲ့ပြီး ဒုတိယဓားချက်မှာ ဝဲဘက်ခါးနှင့် ကျောကြားတွင် ထိသွားခဲ့ကြောင်း သိရှိရပြီး လူနာ၏ အခြေအနေမှာ ကူညီရန် သွားရောက်စဉ် အခြေအနေကောင်းမွန်ကြောင်း တွေ့မြင်ရပြီး ရန်ကုန်ဆေးရုံကြီး၊ အရေးပေါ်ကုသဌာနကို ပို့ပေးလိုက်ကြောင်းလည်း ၎င်းကဆိုသည်။
“အဲဒီ ကားမှတ်တိုင်ကလည်း ည ၈ နာရီ မိနစ် ၂၀ လောက် ကျတော့ လူနည်းနည်း ပြတ်တယ်လို့ ထင်ပါတယ်” ဟု ၎င်းက ပြောသည်။