MT News
Written by Peya
ဘင်္ဂလားဒေ့ရှ်သို့ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းနှင့် ပတ်သက်၍ ရှေ့ပြေးစမ်းသပ် စီမံကိန်း တစ်ရပ်အနေဖြင့် လူတစ်ထောင်ကျော်ကို စတင်ပြီးပြန်လည်လက်ခံနိုင်ရန် ညှိနှိုင်းနေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံညှိနှိုင်းပြီးနောက် နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးလုပ်ငန်းစတင်ရန် အတွက် ၂၀၁၈ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၉ ခုနှစ်တွင် တစ်ကြိမ် ကြိုးပမ်းခဲ့ပြီး ထိုစဉ်က မြန်မာဘက်တွင် အသင့်ပြင်ဆင် စောင့်ဆိုင်းခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ မြန်မာဘက်မှ ပြန်လည်လက်ခံရန်အတွက် ယခုတိုင် အသင့်ပြင်ထားသော်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က နှစ်နိုင်ငံသဘောတူညီထားသူ တစ်ဦးတစ်ယောက်မျှ ပို့ဆောင်ပေးနိုင်ခြင်းမရှိသေးသည့်အတွက် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို မစတင်နိုင်ခဲ့သေးကြောင်း အဆိုပါ ဝန်ကြီးဌာနထံက သိရသည်။
“နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစတင်ဖို့အတွက် နှစ်ကြိမ်တိုင် ပျက်ပြားခဲ့ပေမယ့်လည်း စိစစ်ပြီးတဲ့ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံဖို့အတွက် နှစ်နိုင်ငံ သဘောတူညီချက်တွေအရ မြန်မာဘက်အနေနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်နဲ့ ဆက်လက်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့နေရာမှာ ရှေ့ပြေးစမ်းသပ်စီမံကိန်းတစ်ရပ်အနေနဲ့ လူတစ်ထောင်ကျော်ကို စတင်ပြီး ပြန်လည်လက်ခံနိုင်ဖို့ ညှိနှိုင်းပြင်ဆင်ဆောင်ရွက်နေတာရှိပါတယ်” ဟု ၎င်းက ဆိုသည်။
ထိုသို့ ပြန်လည်လက်ခံရေး ဆောင်ရွက်ရာတွင် နေရပ်စွန့်ခွာသူ မိသားစုများမှာ ကလေးမွေးဖွားလာခြင်းများ ရှိခဲ့သည့်အတွက် နှစ်နိုင်ငံသဘောတူညီထားသည့်အတိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မွေးဖွားသည်မှာ မှန်ကန်ကြောင်း သက်ဆိုင်ရာ တရားရုံးထောက်ခံချက်ရရှိစေရန် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
“ဘင်္ဂလားဒေ့ရှ်နိုင်ငံ တရားရုံးထောက်ခံချက်အပြင် မြန်မာနိုင်ငံမှာ နေထိုင်ခဲ့တဲ့ မိဘနှစ်ပါးက မွေးဖွားသူဟုတ်-မဟုတ်ကိုပါ စိစစ်ပြီးမှ ပြန်လည်လက်ခံသွားဖို့ကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ပြန်လာလိုသူများက မိသားစုစုံလင်စွာ ပြန်လာလိုတာကြောင့် မိသားစုဝင်များကိုပါ စိစစ်ရာမှာ ထည့်သွင်းပြီး စိစစ်လျက်ရှိပါတယ်” ဟု ၎င်းက ဆိုသည်။