MT News
Written by Nay Aung
ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့နှင့်ရဲတပ်ဖွဲ့တို့သည် ဖေဖော်ဝါရီ ၂၃ ရက်နေ့က ကန်ချာနာဘူရီပြည်နယ် Sai Yok ဒေသရှိ Ban Tha Thung Na အရပ်တွင် မြန်မာနိုင်ငံသား ၃၀ ဦးနှင့်ပွဲစားတစ်ဦးတို့ကို ဖမ်းမိခဲ့ကြောင်းသိရသည်။
ထိုင်းစစ် ဗိုလ်ချုပ် Wutthaya Chantamas သည် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းသူများနှင့် ထိုင်းနိုင်ငံအတွင်းမှောင်ခိုပစ္စည်းတင်သွင်းမှုများကို စောင့်ကြည့်ဖမ်းဆီးရန်ညွှန်ကြားခဲ့ပြီးနောက် ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က နယ်စပ်ဒေသတွင် လုံခြုံရေးတင်းကြပ်မှုများလုပ်ဆောင်နေကြောင်း သိရသည်။
ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့သည် ကားနံပါတ် 9079 တပ်ဆင်ထားသော တိုရိုတာ ပစ်ကပ်ကားအမျိုးအစားကို မသင်္ကာဖွယ်ရာတွေ့ရှိခဲ့ပြီးနောက် ကားကိုရပ်တန့်စစ်ဆေးချိန်တွင် ကားအတွင်းမှအသက် ၃၀ အရွယ်ရှိ ထိုင်းနိုင်ငံသား Mr. Sahanthep နှင့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၀ ဦးကို တွေ့ရှိဖမ်းဆီးခဲ့ကြောင်း သိရသည်။ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က ဖမ်းဆီးခဲ့သော မြန်မာနိုင်ငံသား ၃၀ ဦးထဲတွင် အမျိုးသား ၂၂ ဦးနှင့် အမျိုးသမီး ၈ ဦးတို့ဖြစ်ကြောင်း၊ ၎င်းတို့သည် ဘန်ကောက်မြို့၊ ကန်ချာနာဘူရီဒေသ၊ ရနောင်း၊ စမွတ်ဆာခွန်ဒေသများတွင် အလုပ်လုပ်ရန်အတွက် ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သူများဖြစ်ကြောင်း ပြောသည်။
အဆိုပါမြန်မာနိုင်ငံသားများသည် တရားဝင်အထောက်အထားစာရွက်စာတမ်းများ မပါဝင်ကြောင်း၊ ၎င်းတို့သည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန်အတွက် ပွဲစားခအဖြစ် တစ်ဦးကို ထိုင်းဘတ် ၂၀၀၀၀ နှင့် ၃၀၀၀၀ ကြားပေးခဲ့ရကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
မြန်မာနိုင်ငံသား ၃၀ နှင့် ပွဲစားဖြစ်သူထိုင်းနိုင်ငံသားတစ်ဦးကို လက်ရှိအချိန်တွင် ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီး အသေးစိတ်စုံစမ်းစစ်ဆေးရန် Sai Yok ရဲစခန်းသို့ လွှဲပြောင်းပေးပို့ခဲ့ကြောင်း ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က ပြောသည်။အလုပ်သမားပွဲစားဖြစ်သူသည် မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဝရမ်းထုတ်ခံရသူဖြစ်ပြီး ၎င်းတို့ကို မူးယစ်ဆေးဝါးအမှုအပြင် မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံသို့တရားမဝင် ပို့ဆောင်မှုများဖြင့် စွဲချက်တင်သွားမည်ဖြစ်ကြောင်း ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က ပြောသည်။
ref — banmuang