MT News
Written by Ye Kyaw
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ အမှတ် (၁၃) ရပ်ကွက်၊ သစ္စာလမ်း၊ သံလမ်းမှတ်တိုင်အနီးတွင် ယမန်နေ့၊ ဖေဖော်ဝါရီ ၂၄ ရက် ည ၉ နာရီကျော်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။
“ဘယ်ကစလောင်တယ်ဆိုတော့ သေချာမသိဘူး။ ဖုန်းဝင်လာတာနဲ့ တန်းသွားခဲ့တာ ဟိုရောက်တော့ အပေါ်ထပ်လောင်နေတာ။ အဲဒီ Curvy ဆိုင် အပေါ်ထပ်မှာ လောင်နေတာ။ အပေါ်ထပ်တစ်ထပ်လုံးတော့ ကုန်သွားတယ်။ အဲဒီ Curvy ဆိုင်က အမျိုးသမီးဝတ်အတွင်းခံတွေရောင်းတာ။ အဲဒီဆိုင် အောက်ထပ်ကိုတော့ မီးမကူးလိုက်ဘူး ” ဟု အဆိုပါမီးလောင်ရာသို့ သွားရောက်ကူညီခဲ့သည့် မိုးစေတနာပရဟိတအသင်း(ရန်ကုန်)မှ တာဝန်ရှိသူတစ်ဦးက ယမန်နေ့က ပြောသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၄ ရက် ၉ နာရီ ၄ မိနစ်တွင် ရန်ကင်းမြို့နယ်၊ အမှတ် (၁၃) ရပ်ကွက်၊ သစ္စာလမ်း၊ သံလမ်းမှတ်တိုင်အနီးတွင် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ရန်ကင်းမြို့နယ်မီးသတ်စခန်းမှ Level 1 မီးသတ်ယာဉ်များ ထွက်ခွာခဲ့ပြီး မီးငြှိမ်းသတ်ခဲ့ရသည်။
ယင်းကဲ့သို့ မီးငြှိမ်းသတ်ခဲ့သဖြင့် ည ၉ နာရီ ၂၁ မိနစ်၌ မီးထိန်းနိုင်ခဲ့ပြီး ည ၉ နာရီ ၃၃ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။
မီးလောင်ခဲ့ရသည့် အကြောင်းအရင်းနှင့် ပျက်စီးဆုံးရှုံမှုများကိုမူ မသိရှိရသေးဘဲ မီသတ်တပ်ဖွဲ့ဝင်များမှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။