၂၅. ၂. ၂၀၂၃
Written by Ye Kyaw
ရုရှားနိုင်ငံထုတ်ဆေးဝါးများ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ရရှိရေးနှင့် သင့်တင့်မျှတသည့်ဈေးနှုန်းဖြင့် တင်သွင်းနိုင်ရန် မြန်မာ-ရုရှားနှစ်နိုင်ငံအကြား ဆေးဝါးကဏ္ဍပူးပေါင်းဆောင်ရွက်မှုများအတွက် ဖေဖော်ဝါရီ ၂၄ ရက်တွင် ဆွေးနွေးခဲ့သည်။
ထို့ပြင် ကိုဗစ်-၁၉ ရောဂါကုသရေးနှင့်ပတ်သက်သည့် ဆေးဝါးများနှင့် စစ်ဆေးသည့် စနစ်များ၊ မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးရန် စီစဉ်ဆောင်ရွက်မည့်ကိစ္စ၊ ဆေးဝါး ထုတ်လုပ်ရေးနှင့်ပတ်သက်သည့် နည်းပညာပိုင်းဆိုင်ရာ လွှဲပြောင်းမှု ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များအတွက်လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာ-ရုရှား နှစ်နိုင်ငံမှဆေးဝါးထုတ်လုပ်သူများ၊ ဖြန့်ဖြူးသူများ၊ ဆရာဝန်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အာဏာပိုင်အဖွဲ့အစည်းများအကြား ဆွေးနွေးမှု မူဘောင်မှတစ်ဆင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ရုရှား-မြန်မာ ဆေးဝါး ကောင်စီထူထောင်နိုင်ရေးကိစ္စရပ်များအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များတို့မှ တာဝန်ရှိသူများနှင့် ရုရှားနိုင်ငံအခြေစိုက် “Chemrar” High-Tech Center ကုမ္ပဏီမှ Mr. Denis Yinokurov, International BD and Communication Director နှင့်အဖွဲ့ဝင်များက ဆွေးနွေးခဲ့ခြင်းဖြစ်သည်။