MT News
မိသားစုဝင်လေးဦးစီးလာသော ဆိုင်ကယ်အား ကားတိုက်ခံရပြီး မိသားစုဝင်သုံးဦး ပွဲချင်းပြီးသေဆုံးကာ တစ်ဦး စိုးရိမ်ဒဏ်ရာရရှိပြီး ဆေးရုံ၌ ကုသနေစဥ် သေဆုံးမှု ရွှေပေါက်ကံတွင် ယမန်နေ့ညက ဖြစ်ပွားခဲ့သည်ဟု ကနဦးသိရသည်။
ဖြစ်စဥ်မှာ ဖေဖော်ဝါရီလ ၂၄ ရက် ည ၉ နာရီ ၁၀ မိနစ်ခန့်က ရွှေပေါက်ကံမြို့သစ်၊ ပုဂံလမ်း၊ မော်ကျွန်းထိပ်၊ EPC ရုံးရှေ့၌ အသက် ၄ နှစ်အရွယ်ခန့်ယောကျ်ားလေးတစ်ဦး၊ အသက် ၇ နှစ်အရွယ်မိန်းကလေးတစ်ဦး၊ အမျိုးသားလူကြီးတစ်ဦး၊ အမျိုးသမီးလူကြီးတစ်ဦးစုစုပေါင်း(၄)ဦးစီးလာသောဆိုင်ကယ်အား ကားတိုက်ခံရ၍အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် ကလေးယောကျ်ားလေးတစ်ဦး ပွဲချင်းပြီး သေဆုံးသွားပြီး အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်မှာ စိုးရိမ်ရအဆင့်ဖြင့် မေဓာဝီဆေးရုံ၌ ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။
”တိုက်သွားတဲ့ တရားခံကိုလည်းမိပါပြီ။ လူနာတွေကတော့ ၂၂ ရပ်ကွက်ထဲကလို့ သိရပြီ။ သူ့ခဲအိုဆိုတဲ့သူနဲ့ အချိတ်အဆက်ရထားလို့ မိသားစုနဲ့လည်း အဆက်အသွယ်ရပါပြီ။ အသက်ရှင်ပြီး စိုးရိမ်ရလူနာအနေနဲ့ ဆေးရုံပို့ရတဲ့ကလေးမလေးလည်း အခုတင်ပဲ ကွယ်လွန်သွားပါပြီ ဟု ထာဝရအလင်းတန်းကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီလ ၂၄ ရက် ညက ပြောသည်။
လူနာနှင့်DBများကို မြောက်ဥက္ကလာကွန်ရက်မှ လူမှုကူညီရေးအသင်းများပူးပေါင်းကူညီခဲ့ကြသည်ဟု သိရပြီး ကနဦးတွင် မိသားစုဝင်များနှင့် အဆက်အသွယ်မရခဲ့သော်လည်း ယမန်နေ့ညက အဆက်အသွယ်ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။