၂၄. ၂. ၂၀၂၃
Written by Nay Aung
နိုင်ငံတကာလူအခွင့်ရေးအဖွဲ့အစည်းများ ဝေဖန်ပြစ်တင်မှုများ ရှိနေသည့်ကြားမှ မလေးရှားအစိုးရသည် ပြီးခဲ့သောလတွင် မြန်မာနိုင်ငံသား ၁၁၄ ဦးကို မိခင်နိုင်ငံသို့ ပြန်ပို့ခဲ့ကြောင်း Amnesty International အဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။
နိုင်ငံတကာလူအခွင့်ရေးအဖွဲ့စည်းများက မိခင်နိုင်ငံသို့ပြန်ရောက်ရှိချိန်တွင် ဖမ်းဆီးခံရနိုင်သည့် မြန်မာနိုင်ငံသားများကို ပြန်မပို့ရန် မလေးရှားအစိုးရကို တိုက်တွန်းတောင်းဆိုမှုများရှိခဲ့သော်လည်း မလေးရှားအစိုးရက ပြန်ပို့ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တရားရုံးချုပ်သည် အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နေရပ်စွန့်ခွာထွက်ပြေးလာသော မြန်မာနိုင်ငံသားများကို လက်ရှိအချိန်တွင် မိခင်နိုင်ငံသို့ ပြန်မပို့ဘဲ ယာယီ နေထိုင်ခွင့်ပြုရန် ညွှန်ကြားခဲ့သော်လည်း မလေးရှားအာဏာပိုင်များက မြန်မာနိုင်ငံသားများကို ပြန်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသား ၁၁၄ ဦးတွင် ကလေးငယ်များ ပါဝင်ကြောင်း၊ မလေးရှားတရားရုံးချုပ်က ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီးနောက် မြန်မာနိုင်ငံသား ၁၁၄ ဦး ပြန်ပို့ခံရခြင်းဖြစ်ကြောင်း Amnesty International Malaysia က ပြောသည်။ အဆိုပါ မြန်မာနိုင်ငံသားများသည် မိခင်နိုင်ငံသို့ပြန်ပို့မည်ဆိုလျှင် ဖမ်းဆီးရမည့်သူများဖြစ်ရာ ပြန်ပို့လိုက်သော မလေးရှားအစိုးရ၏လုပ်ရပ်က ရက်စက်သောလုပ်ရပ်ဖြစ်ကြောင်း Amnesty International Malaysia အဖွဲ့က ပြစ်တင်ဝေဖန်ထားသည်။
မလေးရှားအစိုးရသည် ပြီးခဲ့သောနှစ် အောက်တိုဘာလကလည်း အာဏာထိန်းသိမ်းပြီးနောက်ပိုင်း မလေးရှားနိုင်ငံသို့ ထွက်ပြေးလာသော ရေတပ်အရာရှိ ၆ ဦး အပါအဝင်မြန်မာနိုင်ငံသား ၁၅၀ ကို မိခင်နိုင်ငံသို့ ပြန်ပို့ခဲ့ရာ ရန်ကုန်မြို့ရှိလေဆိပ်ကို ရောက်ရှိချိန်တွင် ဖမ်းဆီးခံခဲ့ရကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ဖူးသည်။ ပြီးခဲ့သောလက မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့သောသူ ၁၁၄ ဦးထဲတွင် ဘင်္ဂါလီများ ပါဝင်ခြင်းမရှိကြောင်း၊ မိခင်နိုင်ငံသို့ ပြန်ရောက်ရှိချိန်တွင် ဖမ်းဆီးခံရဖွယ်ရှိနေသူများကို ပြန်ပို့ခဲ့ခြင်းဖြစ်ကြောင်း မလေးရှားလူအခွင့်အရေးအဖွဲ့၏ ရှေ့နေဖြစ်သူ Lim Wei Jet ကပြောသည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလက အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မလေးရှားအစိုးရသည် မြန်မာ နိုင်ငံသား ၁၀၈၆ ဦးကို မိခင်နိုင်ငံသို့ ပြန်ပို့ခဲ့ကြောင်း Amnesty International Malaysia နှင့် Asylum Access Malaysia တို့က ပြောသည်။
ref — thediplomat