◾၂၀၂၃ ခုနှစ်တွင် ကျပ် ၈၇၈၀ ဘီလျံအထိ တိုးတက်လာမည်ဖြစ်ပြီး ၂၀၂၇ ခုနှစ်တွင် ၁၁၅၈၅ ဘီလျံကျော်အထိ ရှိလာနိုင်
၂၄. ၂. ၂၀၂၃
Written by Nay Aung
အာဏာထိန်းသိမ်းပြီးနောက်ပိုင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ ယခင်ထက် ကျဆင်းခဲ့သော်လည်း မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းအခြေအနေများ တည်ငြိမ်နေဆဲဖြစ်ရာ မြန်မာ့ဆောက်လုပ်ရေးလုပ်ငန်း၏ စျေးကွက်အရွယ်အစားတန်ဖိုးမှာ၂၀၂၃ ခုနှစ်အတွင်း ၈ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာမည်ဖြစ်ပြီး မြန်မာကျပ်ငွေ ၈၇၈၀ ဘီလျံအထိ ဖွံ့ဖြိုးတိုးတက်လာမည်ဟု သုတေသီအဖွဲ့တစ်ဖွဲ့ဖြစ်သော Research And Markets က သတင်းထုတ်ပြန်လိုက်သည်။
အဆိုပါ သုတေသီအဖွဲ့သည် ကမ္ဘာတဝှမ်းရှိ နိုင်ငံများ၊ စီးပွားရေးလုပ်ငန်းများကို လေ့လာသုံးသပ်မှုများပြုလုပ်ပြီးနောက် ယုံကြည်စိတ်ချရသော အချက်လက်များကို ထုတ်ပြန်ပေးနေသောအဖွဲ့စည်းဖြစ်ကြောင်းသိရသည်။
ဈေးကွက်ကိုလေ့လာသုံးသပ်နေသော Research and Marketsသည် မြန်မာနိုင်ငံအခြေခံဆောက်အဦများ၊ ဆောက်လုပ်ရေးလုပ်ငန်းဈေးကွက်အခြေနေများကိုအသေးစိတ်သုံးသပ်ပြီးနောက် ဖော်ပြထားခြင်းဖြစ်သည်။
အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာဆောက်လုပ်ရေးလုပ်ငန်းအတွက် စိန်ခေါ်မှုများရှိခဲ့သော်လည်း မြန်မာ့ဆောက်လုပ်ရေးလုပ်ငန်းသည် ကာလလတ်မှ ကာလရှည်အထိ ဖွံ့ဖြိုးတိုးတက်မှုများရှိနေမည့်အခြေနေမျိုးရှိနေကြောင်း အဆိုပါအဖွဲ့က သုံးသပ်ထားသည်။
မြန်မာ့ဆောက်လုပ်ရေးလုပ်ငန်းသည် ယခုနှစ်အတွင်း တည်ငြိမ်တိုးတက်မှုများရှိနေမည်ဟု မျှော်လင့်ရပြီး မြန်မာ့ဆောက်လုပ်ရေးလုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်မှုက ၂၀၂၇ ခုနှစ်အထိ နှစ်တိုင်းရှိနေမည်ဖြစ်ကြောင်း၊ Research And Markets က ဖော်ပြသည်။ မြန်မာ့ဆောက်လုပ်ရေးလုပ်ငန်းသည် ၂၀၂၇ ခုနှစ်အထိ တစ်နှစ်ကို ၂ ဒသမ ၂ ရာခိုင်နှုန်းအထိ ဖွံ့ဖြိုးတိုးတက်မည်ဟု ResearchAndMarketsက ထုတ်ပြန်ထားသော Myanmar Construction Industry Databook Series Q1 2023 Update တွင် ဖော်ပြထားသည်။ ထို့ကြောင့် မြန်မာ့ဆောက်လုပ်ရေးလုပ်ငန်း၏ ဖွံဖြိုးတိုးတက်မှုသည် ၂၀၂၇ ခုနှစ်တွင် မြန်မာကျပ်ငွေ ၁၁၅၈၅ ဒသမ ၆ ဘီလျံအထိ ရှိလာမည်ဖြစ်ကြောင်း သုံးသပ်ထားသည်။
ref — Research And Markets