၂၄. ၂. ၂၀၂၃
Written by Ye Kyaw
ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ အထည်အလိပ် (CMP ကုန်ကြမ်း) တင်သွင်းမှုကို ပြီးခဲ့သည့် ဇန်နဝါရီလမှ စတင်ခွင့်ပြုခဲ့ပြီး လက်ရှိတွင် ကုမ္ပဏီ ၃၂ ခုမှ အထည်လိပ်များ တင်သွင်းလျက်ရှိပြီး နှစ်လအတွင်း ချင်းရွှေဟော်မှ အထည်အလိပ်တင်သွင်းမှု ဒေါ်လာ လေးသန်းဖိုးခန့်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီ နှစ်လအတွင်း ချင်းရွှေဟော်နယ်စပ်မှ အထည်အလိပ် (CMP ကုန်ကြမ်း) တင်သွင်းမှုပမာဏ ဒေါ်လာ ၃ ဒသမ ၈ သန်းခန့်ရှိပြီး အများဆုံး တင်သွင်းခဲ့သည့် ကုန်ပစ္စည်းများမှာ ပိတ်လိပ်၊ Label၊ ဇစ် (Zipper)၊ ချည် (Yarn) Tape တို့ဖြစ်သည်။
အထည်အလိပ် (CMPကုန်ကြမ်း)တင်သွင်းလာသည့် ကုမ္ပဏီများမှာ ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုံ၊ ရွှေပြည်သာစက်မှုဇုံနှင့် မှော်ဘီမြို့တိုမှ အထည်ချုပ်စက်ရုံအများစုဖြစ်သည်။ အဆိုပါ စက်ရုံများမှ ထွက်ရှိ လာသည့် (CMP)ကုန်ချောများအား ပင်လယ်ရေကြောင်းမှ (ထိုင်း၊ ဗီယက်နမ်၊ ကိုရီးယား၊ ဂျာမဏီ၊ ပြင်သစ်၊ ဂျပန်၊ စင်္ကာပူ၊ အိန္ဒိယ) နိုင်ငံများသို့ တင်ပို့မည်ဖြစ်ကြောင်း သိရသည်။
ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနစ်၊ ဇန်နဝါရီလမှစ၍ သွင်းကုန်အမယ်သစ်ဖြစ်သည့် အထည်အလိပ် (CMP) ကို တင်သွင်း ရာတွင် ကုန်သွယ်ရေးဦးစီးဌာန ရုံးချုပ် မှ Myanmar Tradenet (2.0) စနစ်ဖြင့် ထုတ်ပေးသည့် သွင်းကုန်လိုင်စင်၊ အကောက်ခွန်ဦးစီးဌာန၏ Release Order Notification တို့ဖြင့် တင်သွင်းလျက်ရှိသည်။
သွင်းကုန်အမယ်သစ်ဖြစ်သည့် အထည်အလိပ် (CMP) တင်သွင်းရန်အတွက် ရန်ကုန်မြို့ အခြေစိုက် ကုမ္ပဏီ (၄၅)ခုမှ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတွင် ပို့ကုန်/သွင်းကုန် လုပ်ငန်းများ စတင်ဆောင်ရွက် ခွင့်ပြုရန် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ ထုတ်ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)အသင်းဝင်လက်မှတ်၊ ကုမ္ပဏီ ဒါရိုက်တာစာရင်းပုံစံ Form VI, XXVIအမည်ပျက်စာရင်းတွင် ပါဝင်ခြင်းမရှိကြောင်း ကုမ္ပဏီ၏ ဝန်ခံချက်တို့ ဖြင့် တင်ပြလျှောက်ထားရကြောင်းသိရသည်။