၂၄. ၂. ၂၀၂၃
Written by Min Mahar
မန္တလေးမြို့ရှိ Sport Bar စားသောက်ဆိုင်ကို လက်ပစ်ဗုံး နှစ်လုံးဖြင့် ပစ်ပေါက်ခံရပြီး တစ်လုံးပေါက်ကွဲကာ တစ်လုံးအားယမ်းပျော့ကပ်၍ ဖောက်ခွဲဖျက်ဆီးခဲ့ရမှု ယမန်နေ့၊ ဖေဖော်ဝါရီလ ၂၃ ရက်ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂၃ ရက် ည ၈ နာရီ ၃၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၅၄ လမ်းနှင့် လမ်း ၃၀ ထောင့်ရှိ “Sport Bar ” စားသောက်ဆိုင်ရှေ့သို့ ဆိုင်ကယ်တစ်စီးဖြင့် အမျိုးသားလူငယ် နှစ်ဦးရောက်လာကာ လက်ပစ်ဗုံးနှစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ရာ တစ်လုံးမှာ ဆိုင်မျက်နှာစာရှေ့ကွင်းပြင်၌ ကျရောက်ပေါက်ကွဲခဲ့ပြီး နောက်ထပ် တစ်လုံးမှာမူ ဆိုင်၏အုတ်တံတိုင်းဘေးသို့ ကျရောက်ပြီး ပေါက်ကွဲမှုမရှိသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ယမ်းပျော့ကပ်၍ ဖောက်ခွဲဖျက်ဆီးခဲ့ရကြောင်း သိရသည်။
” ပစ်ချင်တာကတော့ အတွင်းထဲကို၊ ဒါပေမဲ့ဆိုင်အပေါက်မှာ လုံခြုံရေးဝန်ထမ်းတွေရှိနေတော့ မလစ်လို့ လမ်းပေါ်ကနေပစ်ပေါက်သွားကြတာ။ ပစ်ခံရတာ ၂ လုံးတောင် တစ်လုံးပဲကွဲပြီး တစ်လုံးမကွဲလို့ တပ်ကလာမှ ယမ်းပျော့ကပ်ပြီး ဖောက်ခွဲလိုက်ရတယ်။ လူနဲ့အခြားပစ္စည်းတွေတော့ ဘာမှမဖြစ်သွားပါဘူး။ ဆိုင်အတွင်းထဲထိရောက်ရင်တော့ ကားတွေနဲ့ လူတွေထိနိုင်တယ်။ ကံကောင်းလို့ လုံခြုံရေးဝန်ထမ်းတွေကို မထိခိုက်သွားတာ” ဟု စားသောက်ဆိုင်၏ တာဝန်ရှိသူတစ်ဦးက ဆိုထား သည်။
အဆိုပါပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦတစ်စုံတစ်ရာထိခိုက်မှုမရှိကြောင်းနှင့် သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများက လိုက်လံစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်ကို မည်သည့်အဖွဲ့က လုပ်ဆောင်သွားကြောင်း ပြောဆိုထုတ်ပြန်ထားခြင်း မရှိသေးကြောင်းနှင့် ဖေဖော်ဝါရီလအတွင်း၌ မန္တလေးမြို့ပေါ်တွင် နေ့စဉ်နှင့်အမျှ ပေါက်ကွဲမှုများ ပြန်လည်စိပ်လာကြောင်းလည်း သိရသည်။