၂၄. ၂. ၂၀၂၃
Written by Nyein Kyaw
ဖိလစ်ပိုင်နိုင်ငံရှိ အွန်လိုင်းဂိမ်းလုပ်ငန်းများ၌ အလုပ် လုပ်ကိုင်ရန် လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသား ၂၁ ဦးအနက် ယနေ့တွင် ၁၀ ဦးကို မြန်မာနိုင်ငံသို့ ထပ်မံပို့ဆောင်နိုင်ခဲ့သဖြင့် စုစုပေါင်း ၁၄ ဦးအထိ ပြန်လည်ပို့ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်း မနီလာမြို့ရှိ မြန်မာသံရုံးမှ ဖေဖော်ဝါရီ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံရှိ အွန်လိုင်းဂိမ်းလုပ်ငန်းများ၌ အလုပ် လုပ်ကိုင်ရန်အတွက် စည်းရုံးခံရပြီးနောက် လူကုန်ကူးခံရကာ လုပ်ငန်းခွင်တွင် အဓမ္မခိုင်းစေမှုများကြုံတွေ့ခဲ့ရသဖြင့် ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့မှ ကယ်တင်ပေးခဲ့သည့် မြန်မာနိုင်ငံသား ၂၁ ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
မနီလာမြို့ရှိ မြန်မာသံရုံးမှ ဖိလစ်ပိုင်နိုင်ငံ တရားရေးဝန်ကြီးဌာနလက်အောက်ရှိ Inter-Agency Council Against Trafficking (IACAT) ဌာနအပါအဝင် သက်ဆိုင်ရာဌာနများ၊ International Organization for Migration (IOM)၊ International Justice Mission တိုနှင့် ပူးပေါင်းဆောင်ရွက်ကာ ဖေဖော်ဝါရီ ၂၄ ရက်တွင် ဒုတိယအသုတ်အဖြစ် ပြန်လည်ပို့ဆောင်မည့် မြန်မာနိုင်ငံသား ၁၀ ဦးကို မနီလာမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား ၂၁ ဦးအနက် လေးဦးကို ပထမအသုတ်အဖြစ် ဖေဖော်ဝါရီ ၁၅ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ပြီးဖြစ်သဖြင့် ၁၄ ဦးအထိ ပြန်လည်ပို့ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ ကျန်ရှိနေသည့် မြန်မာနိုင်ငံသား ခုနစ်ဦးကို ပြန်လည်ပို့ဆောင်နိုင်ရေးအတွက်လည်း မြန်မာသံရုံးက သက်ဆိုင်ရာဌာနများနှင့် ဆက်လက်ညှိနှိုင်း၍ ပြန်လည်ပို့ဆောင်ရေးကို စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။