၂၄. ၂. ၂၀၂၃
Written by Pan Ei
ရုရှားနိုင်ငံသည် နိုင်ငံတကာအာကာသစခန်းတွင် ရပ်နားထားသည့် ဆိုယုဇ် အာကာသယာဉ်မှ အန္တရာယ်ရှိသော အအေးဓာတ်ယိုစိမ့်မှု ဖြစ်ပွားခဲ့သောကြောင့် အာကာသယာဉ်ပေါ်ပါ ရုရှား အာကာသယာဉ်မှူးနှစ်ဦးနှင့် နာဆာအဖွဲ့မှ အာကာသယာဉ်မှူးတစ်ဦးတို့အတွက် ကယ်ဆယ်ရေးယာဉ်တစ်စီးကို ယနေ့ (ဖေဖော်ဝါရီ ၂၄ ရက်) အစောပိုင်းက လွှတ်တင်ခဲ့ကြောင်း သိရသည်။
ရုရှားလွှတ်တင်ခဲ့သော အာကာသယာဉ်မှူးများမပါရှိသော ဆိုယုဇ် ယာဉ်အသစ်ဟုခေါ်သည့် ကယ်ဆယ်ရေးယာဉ်သည် လာမည့် တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၂၆ ရက်တွင် ဂြိုလ်ပတ်လမ်းကြောင်းရှိ နိုင်ငံတကာအာကာသစခန်းသို့ ရောက်ရှိမည်ဟု ခန့်မှန်းထားကြသည်။
နာဆာ အာကာသယာဉ်မှူး ဖရန့် ရူဘီရိုနှင့် ရုရှားအာကာသယာဉ်မှူးများဖြစ်ကြသည့် ဆာဂေး ပရိုကိုပက်ဖ် နှင့် ဒီမီထရီ ပီတာလင် တို့သည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလက နိုင်ငံတကာအာကာသစခန်းသို့ ထွက်ခွာခဲ့ကြခြင်းဖြစ်ပြီး မူလအစီအစဉ်အရ ၎င်းတို့၏ အာကာသယာဉ်သည် ကမ္ဘာ့မြေပေါ်သို့ လာမည့်လတွင် ပြန်လည်ဆင်းသက်ရန် စီစဉ်ထားခဲ့သော်လည်း သက်ဆိုင်ရာ အရာရှိများသည် ယိုစိမ့်မှုဖြစ်စဉ်များကြောင့် အလွန်အန္တရာယ်ရှိသည်ဟု ဆုံးဖြတ်ကာ ကယ်ဆယ်ရေးယာဉ်ကို လွှတ်တင်ပေးခဲ့ခြင်းဖြစ်သည်။
ဆိုယုဇ် ယာဉ်အဟောင်း၏ အအေးဓာတ်ယိုစိမ့်ရသည့်အကြောင်းက မိုက်ခရိုမီတိုရွိက် သက်ရောက်မှုတစ်ခုမှ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည်ဟု တာဝန်ရှိသူများမှ ထုတ်ပြန်ခဲ့ပြီး ယိုစိမ့်မှုဖြစ်ပွားခဲ့သော ဆိုယုဇ် ယာဉ်အဟောင်းသည် လာမည့် မတ်လအကုန်တွင် ကမ္ဘာမြေပေါ်သို့ မည်သူမျှမပါရှိဘဲ ဆင်းသက်လာမည်ဖြစ်ကာ ပြန်လည်ပြုပြင်သွားမည်ဖြစ်ကြောင်း ရုရှားအင်ဂျင်နီယာများက ပြောကြားခဲ့သည်။
ဆိုယုဇ် ယာဉ်အသစ်သည် အာကာသယာဉ်မှူး သုံးဦးနှင့်အတူ ကမ္ဘာမြေပေါ်သို့ ယခုနှစ် စက်တင်ဘာလတွင် ပြန်လည်ဆင်းသက်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
Ref; AP News