၂၄. ၂. ၂၀၂၃
Written by Min Mahar
ယမန်နေ့၊ ဖေဖော်ဝါရီလ ၂၃ ရက်၊ ညနေ ၄ နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအား PDF အဖွဲ့မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များကျရောက် ပေါက်ကွဲမှုဖြစ်ပွားရာ ပြည်သူများ၏ နေအိမ် သုံးလုံးပြာကျပြီး အမျိုးသမီး နှစ်ဦးသေဆုံး၍ တစ်ဦးဒဏ်ရာရရှိသွားကြောင်း ဒေသခံများမှ MT News သတင်းဌာနသို့ ပြောခဲ့သည်။
ရွာခံတစ်ဦးက ” PDF တွေက အကြောင်းမဲ့ပစ်လိုက်တာ နေအိမ် သုံးလုံးလည်း မီးလောင်ပြာကျသွားတယ်။ အမျိုးသမီး နှစ်ယောက်သေပြီး တစ်ယောက်ဒဏ်ရာရသွားတယ်။ ဒဏ်ရာရတဲ့သူတော့ ရွှေကျင်မြို့က ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး။ သေသွားတဲ့ အလောင်းတွေကိုတော့ PDF တွေက တစ်ခါတည်းမီးသဂြိုလ်ခိုင်းလို့ ရဲနဲ့စစ်တပ်မရောက်ခင်မှာ တန်းသဂြိုလ်လိုက်တယ်။ ပစ်ခတ်မှုဖြစ်ပြီးတော့ သဂြိုလ်ပြီးသည်အထိ PDF တွေ အယောက် ၂၀ ကျော်လောက် ရွာထဲမှာ ရှိနေသေးတယ်။ ပြီးခဲ့တဲ့ နှစ်ရက်က ညောင်လေးပင်မြိုနဲ့ ရွှေကျင်မြို့စပ်နားမှာ တပ်နဲ့ PDF တွေ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့သေးတယ်။ အဲ့ဒါကိုမကျေနပ်လို့ နောက်နေ့ကျတော့ ရွာထဲမှာစစ်သားတွေရှိသေးတယ်ထင်ပြီး လှမ်းပစ်တာဖြစ်မယ်။ အခုတော့ အပြစ်မဲ့ပြည်သူတွေပဲ အိုးမဲ့အိမ်မဲ့ဖြစ်ကာ အသက်သေတဲ့အထိ ဖြစ်ခဲ့ရတယ်” ဟုပြောခဲ့သည်။
အဆိုပါပစ်ခတ်မှုကြောင့် ရွာထဲသို့ လက်နက်ကြီးကျည် လေးလုံးကျရောက်ခဲ့ပြီး နေအိမ် သုံးလုံး မီးလောင်ကာ အသက် ၆၅ နှစ်အရွယ်အမျိုးသမီးကြီးနှင့် အသက် ၃၅ နှစ်အရွယ်လူလတ်ပိုင်းအမျိုးသမီးတို့ နှစ်ဦးသည် သေဆုံးခဲ့ရခြင်းဖြစ်သည်။ အသက် ၃၂ နှစ်အရွယ်ရှိသော အခြားအမျိုးသမီးတစ်ဦးမှာ ဘယ်ဘက်နံရိုးအောက်ရှိ ဘေးဖောက်ဝင်ဒဏ်ရာနှင့် ညာဘက်ပုခုံးကိုထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)များရရှိခဲ့၍ ကျေးရွာဘုန်းကြီးကျောင်း မော်တော်ယာဉ်ဖြင့် ရွှေကျင်မြို့ ကုတင်(၁၀၀)ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဆေးကုသမှုခံယူနေကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်နှင့် ၂၂ ရက် တို့ကလည်း ရွှေကျင်မြို့နယ်နှင့် ညောင်လေးပင်မြို့နယ်အစပ်ရှိ ကျေးရွာများတွင် SAC အဖွဲ့၏ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲ့ဝင်များ တိုက်ပွဲများဖြစ်ပွားပြီးနောက် PDF အဖွဲ့သည် အကြမ်းဖက်သဘောဆောင်ကာ ကျေးရွာများအတွင်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်သွားပြီး ထွက်ပြေးသွားခဲ့သေးကြောင်း သိရသည်။