၂၄. ၂. ၂၀၂၃
Written Nyein Kyaw
ပြီးခဲ့သည့် နှစ်နှစ်အတွင်း နိုင်ငံစီးပွားရေးအကျပ်အတည်းများရှိခဲ့သော်လည်း ကုန်ဈေးနှုန်းကြီးမြင့်မှုမှလွဲ၍ စားသောက်ကုန်များ ပြတ်လပ်မှုမရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်အဝေး (၂/၂၀၂၃)တွင် ပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံစီးပွားရေး အကျပ်အတည်းများရှိခဲ့ကြောင်း၊ သို့သော် ကုန်ဈေးနှုန်းကြီးမြင့်မှုမှလွဲ၍ စားသောက်ကုန်များ ပြတ်လပ်မှုမရှိခဲ့ကြောင်း၊ အခြေခံလူတန်းစားများ၏ လူမှုစီးပွားရေးဘဝကို မြှင့်တင်ပေးခြင်းဖြင့် တိုင်းပြည်သာယာဝပြောမှုကိုလည်း ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
စားရေရိက္ခာဖူလုံရေးအတွက် မိမိတို့နိုင်ငံတွင် အဓိကဆောင်ရွက်၍ရနိုင်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
အချို့တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆန်စပါး ဝမ်းစာဖူလုံမှုထက် ကျော်လွန်သော်လည်း အချို့ဒေသများတွင် ဖူလုံမှုမရှိသည်ကို တွေ့ရကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဆန်ဖူလုံမှုမှာ ၁၄၂ ရာခိုင်နှုန်းရှိကြောင်း၊ ဆန်ဖူလုံမှုမရှိသည့် ဒေသများတွင် တစ်ဧကချင်းအလိုက် အထွက်နှုန်းများ ပြည့်မီအောင် ဆောင်ရွက်မည်ဆိုပါက ဒေသတွင်း ဝမ်းစာဖူလုံမှုကို အထောက်အကူပြုနိုင်မည်ဖြစ်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
အလားတူ ဝမ်းစာဖူလုံမှုရှိပြီးသည့် ဒေသများတွင်လည်း တစ်ဧကချင်းအထွက်နှုန်းများကို ယခုထက် ပိုမိုတိုးတက်အောင် ထုတ်လုပ်နိုင်မည်ဆိုပါက ဆန်ထွက်ကုန်များကို ပြည်ပသို့ ပိုမိုတင်ပို့နိုင်မည်ဖြစ်သောကြောင့် ပြည်ပဝင်ငွေများ ပိုမိုတိုးတက်လာမည်ဖြစ်ပြီး တောင်သူများ၏ လူမှုစီးပွားဘဝ ယခုထက် ပိုမိုတိုးတက်ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
လိုအပ်ပါက အချို့နေရာများတွင် စိုက်ပျိုးမြေများ တိုးချဲ့ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခြင်းဖြင့် တောင်သူတစ်ဦးချင်း တစ်ယောက်ချင်းစီ၏ ဝင်ငွေများ တိုးပွားလာမှုမှ စပြု၍ ဒေသတွင် နေထိုင်သူများအားလုံး၏ ဝင်ငွေများ ယခင်ထက် တိုးတက်ကောင်းမွန်လာပြီး ဒေသတွင်း လည်ပတ်သုံးစွဲငွေ များပြားလာကာ လူမှုစီးပွားဘဝများလည်း တိုးတက်လာမည်ဖြစ်ကြောင်း ထို့ကြောင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ မြင့်မားစေရေး မိမိအနေဖြင့် အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
မိမိတို့အနေဖြင့် လူနည်းစု၏ အကျိုးစီးပွားကို အားပေးခြင်းမဟုတ်ဘဲ လူအများစုဖြစ်သည့် ပြည်သူလူထု၏ အကျိုးစီးပွားအတွက် ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် ကောင်စီအဖွဲ့ဝင်များအနေဖြင့်လည်း အလေးထားဆောင်ရွက်ကြရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။