၂၄. ၂. ၂၀၂၃
Written by Naing Thuta
မန္တလေးမြို့တွင် ဆိုင်ကယ်လုယက်သူ ၂ ဦးအား လမ်းသွားလမ်းလာပြည်သူများက ဝိုင်းဝန်းဖမ်းဆီးပေးခဲ့သည်ဟု မဟာလူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၈၇ လမ်းနှင့် ၈၉ လမ်းကြား၊ ၃၅ လမ်းပေါ်တွင် ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၅ နာရီကျော်က အမျိုးသမီးတစ်ဦးတည်းစီးသွားသော ဆိုင်ကယ်နောက်မှ ဆိုင်ကယ်တစ်စီးဖြင့် အမျိုးသားလူငယ် ၂ ဦးသည် ကပ်လိုက်၍ လုယူရန်ကြိုးစားခဲ့သဖြင့် အလုခံရသူအမျိုးသမီးမှ အော်ဟစ်ကာအကူအညီတောင်းခံခဲ့ရာ အနီးပတ်ဝန်းကျင်ရှိ လမ်းသွားလမ်းလာလူများမှ ဝိုင်းရိုက်ကာ ဖမ်းဆီးပေးခဲ့ကြကြောင်း သိရသည်။
” မန္တလေးမှာ အခုဆိုရင် နေ့စဉ်လိုလို ဆိုင်ကယ်တွေ၊ ဖုန်းတွေအရမ်းလုခံနေရတယ်။ အမျိုးသမီးတွေစီးလာတဲ့ဆိုင်ကယ်တင်မကတော့ဘူး။ အမျိုးသားတွေစိီးလာတဲ့ဆိုင်ကယ်တွေကိုပါ လုနေကြတာ။ လူမှုကွန်ရက်ပေါ်မှာတွေ့နေကြားနေရတယ်။ အချို့ဆို ဒဏ်ရာတွေရကြတယ်။ အဲဒီထက်ကံဆိုးတဲ့သူတွေဆိုရင် အသက်ပါသေသွားသည်အထိ အလုခံနေရတာ။ အစစအရာရာ သတိဝီရိယနဲ့သွားလာနိုင်မှ အန္တရာယ်ကင်းမှာ။ အခုလည်း မိန်းကလေးတစ်ယောက်ထဲစီးလာတယ်ဆိုပြီး လုတာပဲ။ကလေးမက အကူအညီတောင်းတာမြန်လို့ လမ်းပေါ်မှာလည်း လူသွားလူလာများနေလို့သာပေါ့။ မဟုတ်ရင်ပါသွားနိုင်တယ်။ လုတဲ့နှစ်ယောက်က ဝိုင်းဖမ်းပေးတဲ့သူတွေကိုပါ ရန်မူပြီးပြန်ထိုးလို့ ဖမ်းပေးတဲ့သူတွေကလည်း ထိုးကြိတ်ရိုက်နှက်ပြီးဖမ်းလိုက်ရတယ်” ဟု အခင်းဖြစ်ရာအနီးရှိနေသော မျက်မြင်တစ်ဦးက ဆိုသည်။
ယင်းကဲ့သို့ လုယူရန်ကြိုးစားခဲ့သည့် လူငယ်အမျိုးသားနှစ်ဦးအား လမ်းသွားလမ်းလာများ၏ ဝိုင်းဝန်းဖမ်းဆီးပေးခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာများရရှိသွားကာ မဟာလူမှုကယ်ဆယ်ရေးအဖွဲ့၏ယာဉ်ဖြင့် မန္တလေးဆေးရုံကြီးရှိ ပြင်ပလူနာဌာနသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါအခင်းဖြစ်ပွားရာသို့ သက်ဆိုင်ရာရဲတပ်ဖွဲ့မှ တာဝန်ရှိသူများရောက်ရှိလာပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်ကာ ၎င်းတို့နှစ်ဦးအား အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းလည်း ရဲတပ်တပ်ဖွဲ့နီးစပ်သူထံမှ သိရသည်။