၂၄. ၂. ၂၀၂၃
Written by Peya
ဆန္ဒမဲပေးချိန်တွင်ခြိမ်းခြောက်မှုများ၊ အကျပ်ကိုင်မှုများနှင့် ဖိအားပေးမှုများမရှိအောင် ဆောင်ရွက်ပေးရန်လိုကြောင်း နှင့် မဲပေးခြင်း၊ မပေးခြင်းမှာ ပြည်သူတစ်ဦးချင်း၏ဆန္ဒဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများအားလုံး လွတ်လပ်စွာမဲပေးနိုင်ရေး ဆောင်ရွက်ပေးရန်မှာ အစိုးရ၏တာဝန်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၂၃ ရက်တွင် ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးတွင် ပြောသည်။
တိုင်းပြည် ရာနှုန်းပြည့် တည်ငြိမ်အေးချမ်းမှုမရှိသေးခြင်းနှင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် အခြေခံလိုအပ်ချက်များမှအစ ဖြည့်ဆည်းဆောင်ရွက်ရန် လုပ်ငန်းများရှိနေခြင်းတို့ကြောင့် အရေးပေါ်အခြေအနေကာလကို ၆ လ သက်တမ်းတိုး ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ လာမည့်ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန်၊ လူတိုင်းမဲပေးနိုင်ခွင့်ရှိရန်နှင့် နိုင်ငံတစ်ဝန်း ကျင်းပနိုင်ရန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံတိုင်းတွင် ဆန္ဒမဲပေးခြင်းကို ရာနှုန်းပြည့်ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း၊ မဲပေးခြင်း၊ မပေးခြင်းမှာ ပြည်သူတစ်ဦး ချင်း၏ဆန္ဒဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများအားလုံး လွတ်လပ်စွာမဲပေးနိုင်ရေး ဆောင်ရွက်ပေးရန်မှာ အစိုးရ၏တာဝန်ဖြစ်ကြောင်း၊ ဆန္ဒမဲပေးချိန်တွင်ခြိမ်းခြောက်မှုများ၊ အကျပ်ကိုင်မှုများနှင့် ဖိအားပေးမှုများ မရှိအောင် ဆောင်ရွက်ပေးရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ထည့်သွင်း ပြောကြားခဲ့သည်။
မဲဆန္ဒရှင်များ လွတ်လပ်စွာဆန္ဒမဲပေးနိုင်ရန်အတွက် နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ အချို့ EAO များနှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နိုင်ငံအဝန်း ရာနှုန်းပြည့် တည်ငြိမ် အေးချမ်းမှုမရှိသည်ကိုတွေ့ရှိရပြီး တည်ငြိမ်အေးချမ်းမှုရှိအောင် ဆက်လက်ဆောင်ရွက်ရန် လိုအပ်နေသေးကြောင်းလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပြောခဲ့သည်။
နိုင်ငံရေးပါတီများနှင့် ပတ်သက်၍ ပါတီအရေအတွက်များပြားသော်လည်း ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် အရွေးခံရသည့် ပါတီများ နည်းပါးခဲ့သည်ကို တွေ့ရကြောင်း၊ ၎င်းအခြေအနေသည် နိုင်ငံရေးပါတီများအနေဖြင့် ဒေသနှင့်ပြည်သူ လူထုတို့၏ အမှန်တကယ်လိုလားချက်များကို ဖော်ဆောင်ပေးနိုင်ရန် အားနည်းမှုရှိနေပြီး ပြည်သူများ၏ ယုံကြည်ကိုးစားမှု နည်းပါးသည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် ဒေသနှင့်ပြည်သူများ၏ လိုလားချက်များကို အမှန်တကယ် အကောင်အထည်ဖော် ဆောင်ပေးနိုင်သော ပြည်သူကို အမှန်တကယ်ကိုယ်စားပြုသည့် နိုင်ငံရေးပါတီများ ဖြစ်ရန်လိုကြောင်း၊ အလားတူရွေးကောက်ပွဲတွင်ပါဝင်သည့် ပါတီများသည် လွှတ်တော်ထဲတွင် ကိုယ်စားပြုမှုများမှသာ ပြည်သူ၏အသံနှင့် တိုင်းပြည်မှဖြစ်စေချင်သည်များကို ပြောခွင့်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်ထုတ်ပြန်ခဲ့ကြောင်း၊ ပါတီများတွင် ဦးဆောင်သည့်သူများကိုလည်း ပြည်သူတို့၏လိုလားချက်၊ လိုအပ်ချက်များကို သိရှိနိုင်ရေး အခွင့်အလမ်းများ ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ လွှတ်တော်တွင် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားများ ကိုယ်စားပြုမှုများပြားလာစေရေး PR စနစ်ဖြင့် ကျင့်သုံးမည်ဆိုပါက ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် PR စနစ်ကိုကျင့်သုံးနိုင်ရန်အတွက် သက်ဆိုင်ရာ နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးရာတွင် လက်ခံမှုရှိသည်ကိုတွေ့ရကြောင်း၊ နိုင်ငံရေးပါတီများနှင့် ၎င်းတို့ကို ဦးဆောင်မည့်သူများ၏ အခြေအနေများကို ပြည်သူများမှ လေ့လာနိုင်ရန်အတွက်လည်း အချိန်တစ်ခုပေးရန်လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပြောကြားသွားခဲ့သည်။