၂၃. ၂. ၂၀၂၃
Written by Nyein Kyaw
ကန်တော်ကြီးပန်းခြံအတွင်း လေ့ကျင့်ခန်းလုပ်နေသည့် အမျိုးသားတစ်ဦး သတိလစ်လဲကျကာ သေဆုံးသွားခဲ့ပြီး လက်ရှိအချိန်အထိ မိသားစုဝင်များနှင့် အဆက်အသွယ်မရရှိသေးကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၆ နာရီ ၁၀ မိနစ်ခန့်တွင် ကန်တော်ကြီးပန်းခြံအတွင်း Western Park စားသောက်ဆိုင်အရှေ့တွင် ကိုယ်လက်လေ့ကျင့်ခန်းလုပ်နေသည့် အမျိုးသားတစ်ဦး သတိလစ်လဲကျသွားခဲ့သည့်အတွက် အနီးအနားရှိသူများက ရှေးဦးသူနာပြုနည်းများဖြင့် ဆောင်ရွက်သော်လည်း မရသဖြင့် သျှင်ပါကူ ဆေးရုံသို့ ပို့ခဲ့ရာ လူနာမှာ ဆေးရုံရောက်ရှိချိန်၌ အသက်မရှိတော့ခြင်းဖြစ်ကြောင်း သိရသည်။
“လူတစ်ယောက်က ပက်လက်လန်လဲနေတာကို တွေ့ရတယ်။ အဲဒီဘေးမှာရှိတဲ့ ကောင်လေးနှစ်ယောက်က အရင်ပြေးသွားတယ်ဗျ။ ကျွန်တော်ကလည်း နောက်က လိုက်ပြေးသွားပြီးကြည့်လိုက်တော့ ဝက်ရူးပြန်သလိုလို တက်သလိုလိုဖြစ်နေတာ။ ရှေးဦးသူနာပြုနည်းအတိုင်း လုပ်ပေးတာ ပါးစပ်ကလဲ အမြှုပ်တွေထွက်လာတယ်ဗျ။ နောက် သုံး၊ လေး၊ ငါးမိနစ်ကြာတော့ တိုးတက်မှုမရှိလို ကားပေါ်မတင်ပြီး အနီးဆုံး သျှင်ပါကူဆေးရုံကို ပြေးကြတာပေါ့။ ဖိုးစိန်လမ်းထဲရောက်တဲ့အထိ သူ့ဆီကနေ အသံထွက်နေသေးတယ်။ သျှင်ပါကူဆေးရုံကိုရောက်တော့ ဆရာဝန်မကစမ်းသပ်ပြီးတော့ အသက်မရှိတော့ဘူးတဲ့။ သူ့မှာလဲ ဘာမှ ဖုန်းတို့ ကားသော့တို့ ဘာတို့ ဘာမှမပါလာဘူး။ သူ့ကို ဓာတ်ပုံရိုက်ပြီး ကျွန်တော်တို့ တစ်ယောက်ကို ထားခဲ့ပြီး နှစ်ယောက်က ကန်တော်ကြီးထဲ ပြန်သွားပြီးတော့ ဓာတ်ပုံကို တစ်ယောက်ပြီးတစ်ယောက် လိုက်ပြကြည့်တော့ အဲမှာ အမြဲတမ်းကစားလေ့ရှိတဲ့သူတွေက သူ့ကိုမတွေ့ဘူးဘူး၊ မမြင်ဖူးဘူးလို့ ပြောတယ်။ အဲဒါနဲ့ ဆရာဝန်ပြန်ခေါ်လို့ သူ့ကို ရန်ကုန်ဆေးရုံကြီးမှာ ဆရာဝန်ပြောတဲ့အတိုင်း အပ်ခဲ့တာပေါ့” ဟု ဆေးရုံသို့ လိုက်ပါပို့ဆောင်ခဲ့သူ တစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် သျှင်ပါကူဆေးရုံမှ ဆရာဝန်များ၏ လမ်းညွှန်ချက်ဖြင့် သေဆုံးသူအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီးဖြစ်ကာ သေဆုံးသူ၏ မိသားစုဝင်များနှင့် အဆက်အသွယ်မရရှိသေးကြောင်း သိရသည်။