၂၃. ၂. ၂၀၂၃
Written by Ye Kyaw
လျှပ်စစ်ကားများအတွက် အိမ်သုံးအားသွင်းစက် 7KW GB AC Charger ငါးခု မြန်မာနိုင်ငံသို့ စတင်ရောက်ရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ဖေဖော်ဝါရီ ၂၁ ရက်တွင် Chin Dwin Shan Co.,Ltd. မှ တင်သွင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ Charger များ တင်သွင်းမှုအား ပြည်တွင်းလျှပ်စစ်သုံးယာဉ်ကဏ္ဍ ဖွံ့ဖြိုးရေးတိုးတက်ရေးအတွက် အကောက်ခွန်ကင်းလွတ် သက်သာခွင့်ပြုထားကြောင်း၊ ယခုကဲ့သို့ အိမ်သုံး 7KW Charger များ ရောက်ရှိလာပြီဖြစ်သဖြင့် လျှပ်စစ်သုံးယာဉ်များ အားဖြည့်သွင်းရန် မိမိအိမ်တွင် အလွယ်တကူ တပ်ဆင်အသုံးပြုနိုင်မည်ဖြစ်သည်။
လက်ရှိတွင် တရုတ်နိုင်ငံထုတ် လျှပ်စစ်ကား အားသွင်းစက် ၁၂ စုံအထိ ရောက်ရှိထားပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ ကြီးများအပြင် အဝေးပြေးလမ်းမပေါ်ရှိ ယာဉ်ရပ်နားစခန်းများနှင့် တိုးဂိတ်များတွင် တပ်ဆင်လျက်ရှိသည်။
လျှပ်စစ်ကားများ အလွယ်တကူအားသွင်းနိုင်ရေးအတွက် လက်ရှိတည်ဆောက်နေသည့် စီမံကိန်းများအပြင် ဈေးဝယ်စင်တာများနှင့် ဘတ်စ်ကားဂိတ်များတွင်လည်း Charging Stand များ တိုးချဲ့တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေက ပြောကြားထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားအစီးရေ ၆၅ စီးအထိရောက်ရှိထားပြီး လူစီးယာဉ်များအပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် နေပြည်တော် သပြေကုန်းဈေးတို့တွင် အခြေပြု၍ တက္ကစီများအဖြစ်ပြေးဆွဲရန်လည်း ဆောင်ရွက်လျက်ရှိသည်။