၂၃. ၂. ၂၀၂၃
Written by Naing Thuta
ဖေဖော်ဝါရီလ ၂၃ ရက်၊ ယနေ့နံနက်ပိုင်းက မကွေးမြို့တွင် အတိတ်မေ့ရောဂါသည် အမျိုးသမီးကြီးတစ်ဦးက မီးပျက်သွား၍ ဖယောင်းတိုင်ထွန်းစဉ် ဖယောင်းတိုင်လဲကျပြီး အနီးရှိမွေ့ရာနှင့် အဝတ်များပါ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကာ ထိုအမျိုးသမီးကြီးပါ မီးလောင်ကျွမ်းသေဆုံးသွားခဲ့ကြောင်း တိုင်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရသိရသည်။
ဖြစ်စဉ်တွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့နံနက် ၇ နာရီ ၂၀ မိနစ်၌ မကွေးတိုင်းဒေသကြီး၊ ၊ ရွာသစ်ပွဲကြိုရပ်ကွက်၊ နတ်မောက်လမ်းနှင့် ၁၈ လမ်းထောင့်ရှိ ပေ ၁၂၀ ပတ်လည်ခြံဝန်းအတွင်း အသက် ၇၉ နှစ်ခန့်ရှိသော အမျိုးသမီးကြီး(အယ်လ်ဇိုင်းမား-အတိတ်မေ့ရောဂါ ခံစားနေရသူ) ပိုင်ဆိုင်သည့်ပေ ၃၀ ပတ်လည်သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း၊ နှစ်ထပ်နေအိမ်တွင် အဆိုပါအမျိုးသမီးကြီးသည် မီးပျက်သွားသဖြင့် နေအိမ်အပေါ်ထပ်သို့ ဖယောင်းတိုင်မီးတက်ထွန်းရာမှ ဖယောင်းတိုင်မီးသည် အနီးတွင်ရှိနေသော မွေ့ယာနှင့်အဝတ်စများပေါ်သို့ကျသွားခဲ့ကာ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ၎င်း အမျိုးသမီးကြီးပါ မီးလောင်ကျွမ်းသွားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါမီးလောင်ကျွမ်းရာသို့ မကွေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းနိုင် ဦးစီး၍ သန္ဓေမီး သတ်တပ်ဖွဲ့ဝင် ၂၆ ဦး၊ အရံမီးသတ်တပ်ဖွဲ့ဝင် ၂၀ ဦးတို့နှင့်အတူ ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့များမှ မီးငြိမ်းသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၂ စီး၊ အုပ်ချုပ်မှုယာဉ် ၃ စီးဖြင့် မီးငြိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီ ၂၅ မိနစ်တွင် မီးညွှန့်ကျိုးခဲ့ပြီး နံနက် ၇ နာရီ ၃၀ မိနစ်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း သိရသည်။
ယင်းမီးလောင်မှုကြောင့် စိတ်ဝေဒနာခံစားနေရသည့် အမျိုးသမီးကြီးသည် ဖြစ်စဉ်ဖြစ်ပွားရာနေရာ၌ မီးလောင်ကွယ်လွန်သွားခဲ့ပြီး နေအိမ်အပေါ်ထပ်နှင့် အဝတ်အစားအသုံးအဆောင်ပစ္စည်းများ စုစုပေါင်းကာလတန်ဖိုးငွေ ၄၅ သိန်းကျပ်ဖိုးခန့် မီးလောင်ဆုံးရှုံးခဲ့ကာ မီးအားပေါ့ဆစွာအသုံးပြုခဲ့သဖြင့် မကွေးမြို့မရဲစခန်းမှ (ပ)၃၅/၂၀၂၃၊ ရာဇသတ်ကြီး ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။